မေး – ချဲလ်ဆီးကနေ ကြိုဆိုပါတယ် အန်ဇိုရေ ။ ဒီအသင်းကို ပြောင်းရွှေ့လာရလို့ ခင်ဗျား ဘယ်လို ခံစားရပါသလဲ ?
‘ ကျွန်တော် အရမ်းပျော်ရွှင်နေပြီး ၊ စိတ်လှုပ်ရှားနေပါတယ် ။ ဒါက အံ့သြဖွယ်ကောင်းတဲ့ ခရီး တခု ဖြစ်လာမှာပါ ။ မြန်နိုင်သမျှ အမြန်ဆုံး ချဲလ်ဆီး အသင်းသားတွေနဲ့ အတူ ထရိန်နင် စတင်ချင်နေပါပြီ ။ ‘
မေး – ခင်ဗျားရဲ့ ကော့ဘ်ဟမ်းက ပထမဆုံး ရက်သတ္တပတ်က ဘယ်လိုလဲဗျ ?
‘ အရမ်း အလုပ်ရှုပ်တာပေါ့ဗျာ ။ ဒါက အစပိုင်းဆိုတော့ ပုံမှန်ပါပဲ ။ ဒါက အမြဲ အတူတူပါပဲ ။ ခင်ဗျားဟာ လေ့ကျင့်ရေးကွင်းက လူတိုင်းကို သိဖို့ ကြိုးစားရပါတယ် ။ တချို့ အသင်းသားတွေတော့ ဒီကို ရောက်နှင့်နေပါပြီ ။ ဒါပေမယ့် ခံစားချက်က အံ့သြဖွယ်ပါပဲ ။ ‘
မေး – အသင်းသားတွေ အကြောင်း ခင်ဗျား ပြောခဲ့ပါတယ် ။ ဒီအသင်းက အရည်အချင်းကောင်းတွေနဲ့ ပြည့်နှက်နေပါတယ် ။ ဒီအစုအဖွဲ့နဲ့ အလုပ်လုပ်ဖို့ ခင်ဗျား ဘယ်လောက်ထိ မျှော်လင့်စောင့်စားနေလဲဗျ ?
‘ ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေပါတယ် ။ ဒါက ကျွန်တော် ဒီကို ရောက်နေတဲ့ ပထမဆုံး အကြောင်းအရင်းတွေထဲက တခုပါပဲ ။ ဘာလို့လဲဆိုတော့ ဒီအသင်းက အရမ်းကောင်းပြီး ၊ အရည်အချင်းတွေနဲ့ ပြည့်နှက်နေတယ် ဆိုတာ ကျွန်တော့ကို ယုံကြည်စေလို့ပါ ။
အရေးကြီးဆုံး အရာက ကျွန်တော်တို့ဟာ လာမယ့် ရာသီ အတွက် မှန်ကန်တဲ့ ဓလေ့ထုံးတမ်း တခုကို ဖန်တီးနိုင်စွမ်း ရှိနေတာပါပဲ ။ ကျွန်တော် အမြဲ ဒီအတိုင်းပဲ ပြောဖူးပါတယ် ။ ခင်ဗျားဟာ ကစားသမားတွေကို တိုးတက်အောင် လုပ်ပေးနိုင်ရင် အသင်းကိုလည်း တိုးတက်အောင် စွမ်းဆောင်ပေးနိုင်မှာပါ ။ ဒီတော့ ကျွန်တော်တို့ရဲ့ ပစ်မှတ်က သူတို့ နေ့စဉ် တိုးတက်လာအောင် ကြိုးစားပေးဖို့ပါပဲ ။ ‘
မေး – ပြီးခဲ့တဲ့ ရာသီက လက်စတာမှာ ခင်ဗျားဟာ တမူထူးခြားတဲ့ နည်းစနစ် ချဉ်းကပ်မှုနဲ့ ကြီးကျယ်တဲ့ အောင်မြင်မှု ရရှိခဲ့ပါတယ် ။ ဒါက ခင်ဗျား အတွက် ဘယ်လောက်ထိ အရေးပါသလဲ ?
‘ မန်နေဂျာတိုင်းမှာ ကိုယ်ပိုင် အိုင်ဒီယာ ၊ ကိုယ်ပိုင် စတိုင်လ် ရှိတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော့ နည်းစနစ်ကတော့ ရှင်းပါတယ် ။ မနှစ်က လုပ်ပြခဲ့တာတွေက ကောင်းတယ် ဆိုပေမယ့် ဒါတွေက ပြီးဆုံးသွားပါပြီ ။ အခုက စာမျက်နှာသစ် ၊ အသင်းသစ် ၊ ကလပ်သစ် ဖြစ်ပါတယ် ။ ဒီကို ရောက်လာနိုင်လို့ ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ် ။ ‘
မေး – ခင်ဗျားဟာ လက်စတာမှာ အောင်မြင်မှု ရအောင် စွမ်းဆောင်ပေးဖို့ ဖိအားတွေ ၊ မျှော်မှန်းချက်တွေကို ကိုင်တွယ်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ဒီအတွေ့အကြုံက ချဲလ်ဆီးလို ကလပ်မျိုးဆီ ရောက်လာတဲ့အခါ ဘယ်လောက်ထိ အရေးပါနိုင်မလဲ ?
‘ ဒါက အဓိက အချက်ပါပဲ ။ ဘာလို့လဲဆိုတော့ ခင်ဗျားဟာ ချဲလ်ဆီးလို ကလပ်မျိုးဆီ ပြောင်းရွှေ့လာတဲ့အခါ အသင်းက အောင်မြင်မှု ရကို ရရမယ် ဆိုတာ သိထားလို့ပါ ။ ကျွန်တော်တို့ အတွက်တော့ ဒီမှာ ဆုဖလားတွေ အတွက် တိုက်ပွဲဝင်နိုင်ဖို့ ကိုယ့်ရဲ့ အကောင်းဆုံး ကြိုးစားအားထုတ်မှုတွေနဲ့ ပေးဆပ်သွားမှာပါ ။ ‘
မေး – ကစားသမား တယောက် အနေနဲ့လည်း ခင်ဗျားဟာ ဒိတ်ဒိတ်ကြဲ နည်းပြကြီးတွေနဲ့ အလုပ်လုပ်ခဲ့ဖူးတယ်နော် ။ ဒါက ခင်ဗျားကို နည်းပြ တယောက် ဖြစ်လာဖို့ ဘယ်လို ဘယ်ပုံ ကူညီပုံဖော်ပေးခဲ့သလဲ ?
‘ အသေအချာပါပဲ ။ ခင်ဗျား ပြောခဲ့သလို ၊ ကျွန်တော်ဟာ ( ကာလို ) အန်ဆယ်လော့တီ ၊ ( မာဆယ်လို ) လစ်ပီ ၊ ( မန်နူရယ် ) ပယ်လီဂရီနီ … သူတို့ အားလုံးဟာ အရမ်း အရေးကြီးတဲ့ မန်နေဂျာတွေပါ ။ ကျွန်တော်တို့ဟာ သူတို့ဆီက သင်ယူနိုင်သမျှ အရာအားလုံး သင်ယူဖို့ ကြိုးစားထားပြီး ၊ ကိုယ်ပိုင် နည်းစနစ် ရပ်ဝန်းမှာ ဒါတွေကို အသုံးချ ဖန်တီးနေပါတယ် ။
ဒါဟာ ကျွန်တော် မန်နေဂျာ တယောက် ဖြစ်လာဖို့ စတင် စဉ်းစားကတည်းက လုပ်ဖို့ ကြိုးစားလာတဲ့ အရာပါပဲ ။ ‘
မေး – ချဲလ်ဆီးဟာ အီတလီ ကစားသမားတွေ ၊ နည်းပြတွေနဲ့ ကြီးကျယ်တဲ့ သမိုင်းကြောင်း တရပ် ရှိထားပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ ခံစားချက်က ဘယ်လိုလဲဗျ ?
‘ ဒါကလည်း ကျွန်တော် ဒီကို ပြောင်းရွှေ့လာရတဲ့ အကြောင်းအရင်း တခုပဲ ဆိုတာ သေချာပါတယ် ။ ဒီမှာ အီတလီ မန်နေဂျာ တဦး အဖြစ် ရောက်လာရလို့ အရမ်း ဂုဏ်ယူမိပါတယ် ။ သမိုင်းကြောင်းကတော့ ချဲလ်ဆီးနဲ့ အီတလီလူမျိုးတွေ အကြား သဟဇာတ ရှိနေတဲ့ အရာ တခုပါပဲ ။ ‘
မေး – ချဲလ်ဆီး ပရိသတ်တွေနဲ့ ခိုင်မာတဲ့ အချိတ်အဆက် ရှိအောင် တည်ဆောက်ဖို့ အရေးကြီးတဲ့ အကြောင်း ရှင်းပြပါဦးဗျ ။
‘ ခင်ဗျားဟာ ဒီကလပ် အနေနဲ့ ဘာတွေ တိုးတက်ဖို့လိုလဲ ၊ ဘယ်လို အရာတွေ မှန်ကန်အောင် လုပ်ဖို့ လိုလဲ ဆန်းစစ်သုံးသပ်တဲ့အခါ ၊ ကျွန်တော်တို့ဟာ မှန်ကန်တဲ့ စိတ်ဓာတ်ခံယူချက် ၊ ပရိသတ်တွေ ဂုဏ်ယူရမယ့် ဓလေ့ထုံးတမ်း တခု အမြန်ဆုံး ဖန်တီးနိုင်ဖို့ လိုတယ် ဆိုတာ ရှင်းနေပါတယ် ။ ဒါက အရမ်း အရေးကြီးပါတယ် ။
ကျွန်တော်တို့ဟာ ဘောလုံး ခြေထဲ ရှိတဲ့အချိန်ရော ၊ မရှိတဲ့အချိန်မှာပါ မာမာထန်ထန် ကစားတဲ့ အသင်း တသင်း ဖြစ်လာဖို့ ကြိုးစားသွားမှာပါ ။ ကလပ် ၊ ပရိသတ်တွေနဲ့ ချိတ်ဆက်မှုကောင်း တရပ် ကျွန်တော်တို့ ဖန်တီးသွားဖို့ လိုပါတယ် ။ အထူးသဖြင့် အိမ်ကွင်းမှာပေါ့ ။
ခင်ဗျားဟာ အသင်းရဲ့ အနောက်မှာ ကိုယ့်ပရိသတ်တွေ ရှိထားတဲ့အခါ ကစားသမား ၁၂ယောက်နဲ့ ကစားနေရသလိုပါပဲ ။ ဒါကို ဒီမှာ ကျွန်တော်တို့ ဖန်တီးသွားမှာပါ ။ ‘
မေး – ခင်ဗျားဟာ ပြီးခဲ့တဲ့ ရာသီတုန်းက စတမ်းဖို့ဒ်ဘရစ်ချ်ကို လက်စတာနဲ့ အတူ ရောက်လာဖူးပါတယ် ။ ဒီရာသီ ဒီကွင်းက ဥမင်ကို ဖြတ်သန်းသွားရမှာ ခင်ဗျားကို ဘယ်လောက်ထိ အဓိပ္ပာယ် ရှိစေမလဲ ?
‘ ကျွန်တော် ရှေ့မှာ ပြောခဲ့သလိုပါပဲ ၊ ကျွန်တော် အရမ်း ဂုဏ်ယူနေပါလိမ့်မယ် ။ ချဲလ်ဆီးကို ကမ္ဘာ့ အကြီးကျယ်ဆုံး ကလပ် တသင်း အဖြစ် ကျွန်တော် သတ်မှတ်ထားပါတယ် ။ ဒီတော့ ကျွန်တော် အရမ်း ဂုဏ်ယူနေမှာပါ ။
မေး – ကစားသမားတွေဟာ ဒီတပတ်မှာ ရာသီကြို ပြင်ဆင်မှု အတွက် ပြန်ရောက်လာကြပါပြီ ။ သူတို့နဲ့ အတူ အလုပ်လုပ်ဖို့ ခင်ဗျား ဘယ်လောက်ထိ မျှော်မှန်းထားသလဲ ?
‘ ကျွန်တော်တို့ဟာ တယောက်ကို တယောက် သိဖို့ လိုတာကြောင့် ဒါက အရမ်း အရေးကြီးပါတယ် ။ အရိုးသားဆုံး ဝန်ခံရရင် သူတို့ အားလုံးရဲ့ အကြောင်း ကျွန်တော် သိထားနှင့်ပြီးသား ဖြစ်နေတယ်လို့တောင် ခံစားရပါတယ် ။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ပတ် ၊ ၃ပတ် အတွင်း သူတို့ ကစားခဲ့တဲ့ ပွဲအများကြီး ကျွန်တော် ပြန်ကြည့်ထားလို့ပါ ။
ဒါပေမယ့် လူပုဂ္ဂိုလ်ချင်း ခင်ဗျား တနေ့စီ ဖြတ်သန်းရတဲ့အခါ ဒါက အမြဲ ကွဲပြားခြားနားပါတယ် ။ ဒီတော့ ဒီနေ့မှာ ထရိန်နင် စတင်ရတာ အရမ်း အရေးကြီးပြီး ၊ ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေပါတယ် ။ ‘
မေး – ပရိသတ်တွေကို ခင်ဗျား ပေးချင်တဲ့ နောက်ဆုံး မက်ဆေ့ချ်က ဘာဖြစ်မလဲ ?
‘ ကျွန်တော်တို့ရဲ့ Process ၊ ကျွန်တော်တို့ရဲ့ အိုင်ဒီယာ အပေါ် ယုံကြည်ပေးပါ ။ အသင်းရဲ့ အနောက်မှာ ရှိနေပေးပါ ။ ဒီခရီးကို ကျွန်တော် နှစ်သက်ကြမယ် ဆိုတာ သေချာပါတယ် ။ အသင်းတိုင်းမှာလိုပဲ မန်နေဂျာတိုင်း အတွက် ဒါက မလွယ်ပါဘူး ။ ဘာလို့လဲဆိုတော့ ဘာတခုမှ မလွယ်လို့ပါ ။ ဒါပေမယ့် သေချာတာကတော့ ကျွန်တော်တို့ ဒီခရီးကို နှစ်သက်ကြမှာပါ ။ ‘