နယ်သာလန်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မဖြစ်မနေ ပွဲထွက်ခွင့် ပေးရမယ့် အင်္ဂလန် sub ကို ပြောပြလိုက်တဲ့ လမ်းပတ်

 

အင်္ဂလန်ဟာ ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့ကာ ယူရိုအိမ်မက် ဆက်လက် ရှင်သန်နိုင်ခဲ့ပါတယ်။ အမ်ဘိုလိုရဲ့ ၇၅ မိနစ် သွင်းဂိုးကြောင့် အင်္ဂလန်တို့ အခြေအနေ မကောင်းတော့ဘူးလို့ ထင်မှတ်ခဲ့ရပေမယ့်လည်း ဆာကာက မိနစ် ၈၀ မှာ ချေပဂိုး ပြန်သွင်းယူပေးခဲ့ပါတယ်။

အချိန်ပို မိနစ် ၃၀ မှာ အနိုင်အရှုံး အဖြေမပေါ်တာကြောင့် ပင်နယ်တီနဲ့ ဆုံးဖြတ်ခဲ့ရပြီး အင်္ဂလန်အတွက် ပါးမား ၊ ဘယ်လင်ဟမ် ၊ ဆာကာ ၊ တိုနီ ၊ ထရန့် တို့က ဂိုးဝင်အောင် ကန်သွင်းကာ နောက်ဆုံး ၄ သင်းအဆင့်ကို ရောက်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်ရဲ့ ခြေစွမ်းကတော့ ထုံးစံအတိုင်းပဲ ဆိုးရွားနေခဲ့ကာ ဝေဖန်မှုတွေတော့ ခံနေရဆဲ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ ဆီမီးဖိုင်နယ်မှာ နယ်သာလန် နဲ့ ကစားရမှာ ဖြစ်ပြီး လမ်းပတ် ကတော့ လူ့ရှောကို ပွဲထွက် ကစားစေချင်နေပါတယ်။ လူ့ရှောဟာ ကာလရှည် ဒဏ်ရာကနေ ပြန်လာသူ ဖြစ်ပြီး ဆွစ်ဇာလန်နဲ့ပွဲစဉ်ရဲ့ ၇၈ မိနစ်မှာ ဝင်ကစားပေးခဲ့ပါတယ်။

လမ်းပတ်က “ကျနော်ကတော့ လူ့ရှော ကြံ့ခိုင်မှု ပြည့်ဝနေမယ်ဆိုရင် ပွဲထွက်ခွင့် ရလိမ့်မယ်လို့ ထင်ပါ့တယ်။ သူဟာ အင်္ဂလန်ကို ဟန်ချက်ညီမျှစေမှာပါ။ ဆွစ်ဇာလန်နဲ့ ပွဲစဉ်မှာ လူစားဝင်လာပြီးနောက် သူ့ရဲ့ ကစားပုံ တကယ် ကောင်းခဲ့ပါတယ်။ အကယ်လို့များ ကြံ့ခိုင်မှုသာ ပြည့်ဝနေမယ်ဆိုရင် ကျနော်ကတော့ သူ့ကို ကစားစေမှာပါ။”

အင်္ဂလန် နောက်ခံလူဟောင်း ဖြစ်သူ ရီယိုဖာဒီနန် ကလည်း “လူ့ရှောဟာ အင်္ဂလန်တို့ လိုအပ်နေတဲ့ ဟန်ချက်ညီမျှမှုကို ပေးစွမ်းနိုင်မှာပါ။ ကျနော် ကတော့ နယ်သာလန်နဲ့ ဆီမီးဖိုင်နယ်မှာ သူ ပွဲထွက်ကောင်း ပွဲထွက်နိုင်မယ်လို့ ထင်ပါတယ်။ ဒါဟာ big call တော့ ဖြစ်လာမှာပါ။ နည်းပြ ဆောက်ဂိတ် အနေနဲ့ သူနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံကာ သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေ အတိအကျကို မေးမြန်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ရှော ဘက်က မှန်ကန်တဲ့ အဖြေကို ပေးနိုင်မယ် ဆိုရင် သူ ကစားခွင့် ရမှာပါ။” လို့ ဆိုလိုက်ပါတယ်။