ချဲလ်ဆီး နည်းပြဟောင်းကို အင်္ဂလန် နည်းပြသစ် ဆန်ခါတင်စာရင်းမှာ ထည့်သွင်းထားတဲ့ ဂယ်ရီ လိုင်နီကာ

 

အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ လက်ရှိ ဂျာမနီက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီး ရာထူးကနေ ထွက်ခွာဖို့ အတော်လေး အလားအလာ များနေပြီး ၊ ၎င်းနေရာကို ဘယ်သူနဲ့ အစားထိုးသင့်လဲ ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ် ။

အင်္ဂလိပ်လူမျိုး နည်းပြ တဦးနဲ့သာ ဆောက်ဂိတ်ရဲ့ နေရာကို အစားထိုးမယ်ဆိုရင် နည်းပြ အရေအတွက် များများစားစား မရှိပေမယ့် ၊ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်ဖက်က နိုင်ငံခြားသား နည်းပြတွေကိုပါ ထည့်သွင်း စဉ်းစားမယ်ဆိုရင်တော့ ရွေးချယ်စရာတွေ ပိုရှိလာနိုင်ပါတယ် ။

ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးမှု အရ ဆောက်ဂိတ်ရဲ့ နေရာကို ဆက်ခံဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့ နည်းပြက ချဲလ်ဆီးနဲ့ ဘရိုက်တန် နည်းပြဟောင်း ဂရေဟမ် ပေါ်တာ ဖြစ်ပြီး ၊ ၎င်းဟာ ခြင်္သေ့ပြာ နည်းပြ အဖြစ်ကနေ အထုတ်ခံခဲ့ရပြီးနောက် ၊ အခြားသော ကမ်းလှမ်းမှု အားလုံးကို ငြင်းပယ်ထားကာ ၊ အင်္ဂလန် နည်းပြ ရာထူးကို စောင့်မျှော်နေတဲ့ပုံ ပေါ်ပါတယ် ။

အခြားသော ရေပန်းစားနေတဲ့ အင်္ဂလိပ်လူမျိုး နည်းပြတွေထဲမှာ နယူးကာဆယ် နည်းပြ အက်ဒီဟောင်း ၊ ဆောက်ဂိတ်ရဲ့ လက်ထောက် နည်းပြ စတိဗ် ဟော်လန် အပြင် ချဲလ်ဆီး နည်းပြဟောင်း ဖရန့် လမ်းပတ်လည်း ပါဝင်နေပါတယ် ။

အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာကတော့ သူ့အနေနဲ့ လမ်းပတ်ကို အင်္ဂလန် လက်ရွေးစင် နည်းပြသစ် ဆန်ခါတင် စာရင်းမှာ ထည့်သွင်းစဉ်းစားထားကြောင်း The Rest is Football YouTube ချန်နယ်မှာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

လိုင်နီကာ က ” ဒါဟာ ဂါရတ် ဆောက်ဂိတ်ရဲ့ နောက်ဆုံး ပြိုင်ပွဲ ဖြစ်လာပါလိမ့်မယ် ။ ဘာတွေပဲ ဖြစ်လာဖြစ်လာ ၊ သူသာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ရင် နည်းပြ ရာထူးကနေ လုံးဝ ထွက်ပါလိမ့်မယ် ။ ချန်ပီယံ မဖြစ်ခဲ့ရင်လည်း သူ ထွက်မှာပါပဲ ။ ဒါက သူ့ဆုံးဖြတ်ချက် ဖြစ်လာမှာပါ ။ ”

” ဒါပေမယ့် ကျွန်တော်ကတော့ ဖရန့် လမ်းပတ်ကို အင်္ဂလန် နည်းပြသစ် ဆန်ခါတင် စာရင်းကနေ မဖယ်ရှားချင်ပါဘူး ။ နည်းစနစ်ပိုင်းအရ သူ အကျွမ်းတဝင် ရှိတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ကစားသမားတွေဟာ သူ့ကိုဆို ချက်ချင်း လေးစားသမှု ထားမှာပါ ။ ”

” ကျွန်တော် အခု ပြောနေတာက အရမ်း စောလွန်းနေနိုင်ပါတယ် ။ ခင်ဗျားသာ အင်္ဂလိပ်လူမျိုး နည်းပြ တယောက်ကို ရှာဖွေခန့်အပ်မယ်ဆိုရင် ဘယ်သူများ ထပ်ရှိနိုင်မလဲ ? အက်ဒီဟောင်း ? သူရော ဖြစ်နိုင်မလား ? ” လို့ ပြောကြားခဲ့ပါတယ် ။

မန်စီးတီး နောက်ခံလူဟောင်း မီကာရစ်ချတ်ကလည်း လမ်းပတ် ဒါဘီ ၊ ချဲလ်ဆီးနဲ့ အဲဗာတန် အသင်းတွေကို ကိုင်တွယ်ခဲ့စဉ်က စွမ်းဆောင်ရည်ကောင်းတွေကို အခုလိုပဲ ချီးကျူးသွားပါတယ် ။

ရစ်ချတ် က ” သူ ဒါဘီကို ရောက်သွားတုန်းက သူ့ရဲ့ ဘောလုံး ကစားဟန်က အရမ်းကောင်းတယ်လို့ ကျွန်တော် ခံစားခဲ့ရပါတယ် ။ သူတို့ အဲဒီတုန်းက ပရီးမီးယားလိဂ်ကို တန်းတက်ခဲ့သင့်ပါတယ် ။ ချဲလ်ဆီး အသင်း ကစားသမားသစ် ဝယ်ခွင့် အပိတ်ခံခဲ့ရတုန်းက သူဟာ အဆင့် ၄ နေရာကို စွမ်းဆောင်ပေးခဲ့ပါတယ် ။ ”

” အကယ်ဒမီက လူငယ် ကစားသမားတွေ ဖြစ်ကြတဲ့ ( တမ်မီ ) အေဘရာဟမ် ၊ ( မေဆင် ) မောင့် အစရှိသူတွေကို သူ မြေမြှောက်ပေးနိုင်ခဲ့ပါတယ် ။ နောက်တော့ သူ အဲဗာတန်ကို ရောက်သွားပြီး ၊ သူတို့ကို ပရီးမီးယားလိဂ်မှာ ဆက်လက် တင်ကျန်စေဖို့ စွမ်းဆောင်ပေးခဲ့ပါတယ် ။ ”

” အဲဗာတန်မှာတော့ သူ့ရဲ့ ကစားပုံစတိုင်လ်က စွဲမက်စရာ မရှိခဲ့ပေမယ့် ၊ သူဟာ ကိုယ့်နားမှာ ရှိတာတွေနဲ့ပဲ အတတ်နိုင်ဆုံး အသုံးချခဲ့ရတာပါ ။ နောက်တော့ ချဲလ်ဆီးကို ခဏတာ သူ ပြန်ရောက်သွားခဲ့ပါတယ် ။ အဲဒီ ကာလက သူ့ကို လူတွေ ဝေဖန်တာ အများဆုံး ဖြစ်ခဲ့ပါတယ် ။ ချဲလ်ဆီးမှာက ပရမ်းပတာ ကိစ္စတွေ ဖြစ်တတ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR