ချဲလ်ဆီးကနေ ကိုးလ်ပါလ်မာကို ခေါ်ယူနိုင်တဲ့ တသင်းတည်းသော ကလပ်ရဲ့ အမည်ကို ထုတ်ဖော်လာတဲ့ မိုက်ကယ် အိုဝင်

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် ပိတ်သိမ်းခါနီးမှာ မန်စီးတီး အသင်းကနေ အင်္ဂလန် လက်ရွေးစင် ကြယ်ပွင့် ကိုးလ်ပါလ်မာကို ပေါင်သန်း ၄၀နဲ့ ခေါ်ယူခဲ့ပြီး ၊ ၎င်းဟာ အမေရိကန်ပိုင်ရှင်တွေရဲ့ လက်ထက် အငြင်းပွားဖွယ်မရှိ အကောင်းဆုံး ကစားသမားသစ် ခေါ်ယူမှုလည်း ဖြစ်ပါတယ် ။

ပါလ်မာဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ ခြင်္သေ့ပြာတို့ကို အဆင့် ၆ နေရာနဲ့ အဆုံးသတ်စေဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့သလို ၊ သွင်းဂိုး ၂၂ဂိုး ၊ ဂိုးဖန်တီးမှု ၁၂ကြိမ်အထိ စွမ်းဆောင်ပေးခဲ့ပြီး ၊ တနှစ်တာ PFA လူငယ် အကောင်းဆုံးဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ယင်းစီးတီး အကယ်ဒမီထွက်ဟာ ပက်ဂွာဒီယိုလာ လက်ထက် ပွဲကစားခွင့် များများစားစား မရတာကြောင့် ၊ လူငယ် ပရောဂျက်ကို အဓိက ပစ်မှတ်ထား လည်ပတ်နေတဲ့ ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ။

လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ ပါလ်မာဟာ လက်ရှိမှာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ အလားအလာ မရှိပေမယ့် ၊ အနာဂတ်မှာ အသင်းဟောင်း မန်စီးတီးက လိုလိုလားလားနဲ့ ကမ်းလှမ်းလာရင် ၎င်းကို ခေါ်ယူခွင့် ရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ် ။

AceOdds နဲ့ တွေ့ဆုံရာမှာ အိုဝင် က ” ကျွန်တော့ အတွက်တော့ ကစားသမား တယောက်ရဲ့ အပြောင်းအရွှေ့ဟာ ကလပ် သမိုင်းကြောင်း ဘယ်အသင်းက ပိုပြီး ကြီးမားလဲ ၊ ဒါမှမဟုတ် ၊ ဘယ်အသင်းက ပြည်တွင်းလိဂ် သို့မဟုတ် ချန်ပီယံလိဂ် ဆွတ်ခူးဖို့ အခွင့်အလမ်း ပိုများလဲ ဆိုတဲ့ အပေါ်ပဲ မူတည်ပါတယ် ။ ”

LIVERPOOL, ENGLAND – MARCH 10: Michael Owen working as a TV pundit during the Premier League match between Liverpool FC and Manchester City at Anfield on March 10, 2024 in Liverpool, England.(Photo by Robbie Jay Barratt – AMA/Getty Images)

” လူတွေဟာ ဘဝမှာ ကိုယ့်အတွက် ပိုကောင်းတဲ့ အရာတွေပဲ အမြဲ လိုချင်တာပါ ။ ကျွန်တော် ဆိုလိုတာက ဘောလုံးသမားတွေမှ မဟုတ်ပါဘူး ။ လူအများစုဟာ သူတို့ကိုယ် သူတို့ ပိုကောင်းတဲ့ နေရာကို ရောက်ဖို့ ကြိုးစားကြပါတယ် ။ ”

” သူ ( ပါလ်မာ ) ချဲလ်ဆီးကို ပြောင်းသွားခဲ့တယ်ဆိုတာ မန်စီးတီးမှာ ကစားခွင့်တွေ မရနေခဲ့လို့ပါ ။ အကယ်၍ ပြည်တွင်းလိဂ် သို့မဟုတ် ချန်ပီယံလိဂ် ဆွတ်ခူးဖို့ အခွင့်အလမ်း ပိုများမယ့် အသင်း တသင်းသင်းက သူ့ကို ကစားခွင့်ပါ ပိုပေးဖို့ ကမ်းလှမ်းလာရင်တော့ ဒါက စိတ်ဝင်စားစရာကောင်းလာမှာ ဖြစ်ပါတယ် ။ ”

” လက်ရှိ အနေအထားတွေ အရတော့ လီဗာပူးဟာ ချဲလ်ဆီးထက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အခွင့်အလမ်း ပိုများနေလား ? ကျွန်တော်ကတော့ ပိုများတယ်လို့ပဲ ပြောရပါမယ် ။ ဒါပေမယ့် လီဗာပူး ကစားသမားတွေဟာ ချန်ပီယံဆုကို စွမ်းဆောင်ပေးနိုင်မယ်လို့ တထစ်ချ ပြောလို့ ရတဲ့ အနေအထားလည်း မဟုတ်ပြန်ပါဘူး ။ ”

” ဒါပေမယ့် မန်စီးတီးသာ သူ့ဆီ ပြန်လာပြီး ၊ ပေါင်သန်း ၁၀၀ကျော် လိုလိုချင်ချင်နဲ့ သုံးစွဲမယ်ဆိုရင် ဒါက နောက်မေးခွန်း တခု ဖြစ်လာပါမယ် ။ လောလောဆယ်တော့ သူ ချဲလ်ဆီးမှာပဲ ဆက်နေဖို့များမယ်လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR