အာဆင်နယ် ကြယ်ပွင့်ဟာ ကမ္ဘာ့ ထိပ်တန်း ကွင်းလယ်လူ ၅ဦး စာရင်းဝင် ဖြစ်ကြောင်း ချီးကျူးသွားတဲ့ ကော်နာ ဂေါ်လဂါ

 

ပြီးခဲ့တဲ့ ရာသီမှာ မန်စီးတီးကို ပရီးမီးယားလိဂ် ချန်ပီယံဆု အနီးကပ် စိန်ခေါ်ခဲ့တဲ့ အာဆင်နယ် အသင်းမှာ အခရာ အကျဆုံး ကစားသမား တချို့ ရှိခဲ့ရာ ၊ ထိုအထဲမှာ လက်ရှိ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ အဓိက ပွဲထွက် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

အသက် ၂၄နှစ် အရွယ်ရှိ ရိုက်စ်ဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် အတွင်း ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ဝက်စ်ဟမ်းကနေ အာဆင်နယ်သို့ ရောက်ရှိခဲ့ပြီး ၊ ဂန်းနားတို့ရဲ့ ပရီးမီးယားလိဂ် ပွဲအားလုံး ပါဝင် ဆင်နွှဲခဲ့ကာ ၊ ခြေစွမ်း အတည်ငြိမ်ဆုံး ကစားသမား အဖြစ်လည်း ရပ်တည်နိုင်ခဲ့တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ် ။

ရိုက်စ်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းဖော် တဦး ဖြစ်တဲ့ ချဲလ်ဆီး ကွင်းလယ်လူ ကော်နာ ဂေါ်လဂါက ရိုက်စ်ဟာ သူ့အမြင်မှာ လက်ရှိ ကမ္ဘာ့ ထိပ်တန်း အကောင်းဆုံး ကွင်းလယ်လူ ၅ဦး စာရင်းဝင် ဖြစ်ကြောင်း Talksport သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ဂေါ်လဂါ က ” ကျွန်တော်ကတော့ သူဟာ ကမ္ဘာ့ ထိပ်တန်း ၅ဦး စာရင်းဝင်လို့ ပြောရပါမယ် ။ တခြား များများစားစား ကျွန်တော် မစဉ်းစားနိုင်ပေမယ့် သေချာတာတော့ သူဟာ ထိပ်ပိုင်း စာရင်းဝင်ပါတယ် ။ စိတ်လှုပ်ရှားဖို့ ကောင်းတာက သူဟာ ပိုပိုပြီး ကောင်းလာခြင်းပါပဲ ။ ”

” သူဟာ အာဆင်နယ်လို ထိပ်တန်း အသင်း တသင်းဆီ ရှေ့ရာသီကမှ ပြောင်းရွှေ့ခဲ့ပြီး ၊ ဝက်စ်ဟမ်းမှာတုန်းကလို ကြီးကြီးမားမား တိုးတက်နေဆဲပါပဲ ။ ဒီတော့ အင်္ဂလန်က လူတိုင်း အတွက် ဒါက အမှန်တကယ် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်ပါတယ် ။ ”

” သူဟာ ကမ္ဘာ့အဆင့် ကွင်းလယ်လူ တယောက် ဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ လက်ရှိ အချိန်အထိ အာဆင်နယ် အတွက် အံ့သြဖွယ် စွမ်းဆောင်ပေးထားပြီး ၊ သူ ရှေ့ဆက် တိုးတက်လာဦးမယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ဂေါ်လဂါဟာ လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲ အတွင်း ဆလိုဗေးနီးယားနဲ့ အုပ်စုနောက်ဆုံးပွဲမှာ ပွဲထွက်ခွင့် ရခဲ့ပေမယ့် ပထမပိုင်း အပြီးမှာပဲ လူစားလဲခံခဲ့ရပြီး ၊ လက်ကျန် ပြိုင်ပွဲ တလျှောက်မှာလည်း ပွဲထွက်ရတော့မယ့် အလားအလာ ရှိမနေတော့ပါဘူး ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဂေါ်လဂါ က ” ဒါက စိတ်မကောင်းစရာ ဆိုတာ ရှင်းနေပါတယ် ။ ခင်ဗျားဟာ အင်္ဂလန် အတွက် ရနိုင်သလောက် ကစားပေးချင်ပါတယ် ။ အခုလို မေဂျာပြိုင်ပွဲ တခုမှာ ပွဲထွက်ခွင့် ရခဲ့တာက အံ့သြဖွယ်ပါ ။ ကျွန်တော် အမှန်တကယ် စိတ်လှုပ်ရှားခဲ့ပေမယ့် ၊ အဲဒီပွဲက အရမ်း ခက်ခဲခဲ့ပါတယ် ။ ”

” အဲဒီပွဲမှာ ကျွန်တော်တို့ရဲ့ ကစားပုံက ထွေထွေထူးထူး ကောင်းမနေခဲ့သလို ၊ အခွင့်အရေး များများစားစား မဖန်တီးနိုင်ခဲ့ပါဘူး ။ မန်နေဂျာက အဲဒီအချိန် နည်းစနစ် အပြောင်းအလဲ အနည်းငယ် လုပ်ချင်ခဲ့တာ ကျွန်တော် နားလည်ပါတယ် ။ ”

” သူဟာ ကော်ဘီ ( မိန်းနူး ) ကို လူစားဝင်စေခဲ့ပြီး ၊ အတွင်းဖက်ထဲ အနည်းငယ် ဝင်ကစားဖို့ ၊ ဘောလုံး ပိုထိန်းဖို့ ၊ ရှေ့တိုးဖြန့်ဝေမှုတွေ လုပ်ဖို့ အလိုရှိခဲ့ပါတယ် ။ ဒါက လုံးဝ နားလည်ပေးလို့ ရပါတယ် ။ လူစားလဲဖို့နဲ့ ပတ်သက်ပြီး တသင်းလုံးကို မပြောခင် ၊ သူ ကျွန်တော့ကို အရင်ဆုံး အသိပေးခဲ့တာက ကောင်းပါတယ် ။ ”

” ဒါမှ ကျွန်တော်လည်း သိရပြီး ၊ ပြဿနာလည်း မရှိခဲ့ပါဘူး ။ ခင်ဗျားဟာ ရသလောက်တော့ ကစားပေးချင်ပေမယ် ၊ ဒါမျိုး ကျွန်တော် လုံးဝ နားလည်ပေးနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR