သူ အကောင်းဆုံး ကစားနိုင်တဲ့ နေရာကို ချဲလ်ဆီး ပရိသတ်တွေထံ မက်ဆေ့ချ် ပေးသွားတဲ့ ဒယူးစ်ဘူရီဟော

 

ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ လက်စတာ အသင်းကနေ အင်္ဂလန် ကွင်းလယ်လူ ကီနန် ဒယူးစ်ဘူရီဟောကို ပေါင်သန်း ၃၀ ၊ ၅နှစ် စာချုပ်နဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ပါတယ် ။ ဒါဟာ နည်းပြသစ် အန်ဇို မာရက်စ်ကာရဲ့ ၄ဦးမြောက် ကစားသမားသစ် ဖြစ်ကာ ၊ ဒုတိယမြောက် မေဂျာခေါ်ယူမှုလည်း ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ ချန်ပီယံရှစ်မှာ လက်စတာတို့ ချန်ပီယံ အဖြစ်နဲ့ အဆုံးသတ်ပြီး ၊ ပရီးမီးယားလိဂ်သို့ ပြန်တန်းတက်လာရာမှာ ၊ ဒယူးစ်ဘူရီဟောရဲ့ ပံ့ပိုးမှုတွေက အဓိက ပါဝင် ပတ်သက်လျက်ရှိပါတယ် ။ ယင်းအသက် ၂၅နှစ် အရွယ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံရှစ်မှာ လက်စတာ အတွက် ၁၂ဂိုးသွင်း ၊ ၁၄ဂိုး ဖန်တီးနိုင်ခဲ့ပါတယ် ။

ချဲလ်ဆီး ကစားသမား ဘဝ ပထမဆုံး ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ ဒယူးစ်ဘူရီဟောက သူဟာ ကွင်းလယ်ရဲ့ ဘယ်လိုနေရာမျိုး ၊ ဘယ်လိုပုံစံမျိုးမှာ ကစားရတာ အနှစ်သက်ဆုံး ၊ အကောင်းဆုံး ဖြစ်လဲ ဆိုတာ ခြင်္သေ့ပြာ ပရိသတ်တွေထံ အခုလိုပဲ မက်ဆေ့ချ် ပေးသွားပါတယ် ။

ဒယူးစ်ဘူရီဟော က ” ကျွန်တော်ဟာ Box-to-Box ကွင်းလယ်လူ တယောက်ပါ ။ တိုက်စစ် လိုက်ပါရတာ နှစ်သက်ပြီး ၊ ပြိုင်ဖက် နောက်ခံလူတွေ ကြားမှာ တိုးဝှေး ကစားပေးနိုင်ကာ ၊ ဂိုးတွေ ၊ ဖန်တီးမှုတွေနဲ့ အသင်းကို ပံ့ပိုးပေးနိုင်ပါတယ် ။ ”

” အသင်းအတွက်ဆို ခံစစ် ဆင်းကူဖို့ ကျွန်တော် ရာနှုန်းပြည့် ပေးဆပ်ပါမယ် ။ နောက်ပြီး ကျွန်တော်ဟာ ပွဲရဲ့ ရှုထောင့်တိုင်းမှာ ဖြည့်ဆည်း စွမ်းဆောင်ပေးနိုင်တဲ့ ကစားသမား တယောက် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဒယူးစ်ဘူရီဟော က ” ဂိုးသွင်းတယ်ဆိုတာ အရာရာတိုင်း ပေါင်းစပ်မှုတွေကနေ ဖြစ်တည်လာတာပါ ။ ကျွန်တော် ဂိုးတွေ ပိုသွင်းနိုင်ဖို့ ၊ နည်းလမ်းသစ်တွေ ရှာဖွေဖို့ အန်ဇို မာရက်စ်ကာနဲ့ ဆွေးနွေး စကားပြောခဲ့ဖူးပါတယ် ။ တကယ်လည်း ကျွန်တော် ဂိုးတွေ ပိုသွင်းလာနိုင်ခဲ့ပါတယ် ။ ”

” တရာသီ အတွင်း ၁၀ဂိုးအထက် ပိုသွင်းနိုင်တာက တကယ်ကောင်းတဲ့ ခံစားချက် ဖြစ်ပါတယ် ။ ဒီနှစ်မှာလည်း ကျွန်တော် ဒီလိုမျိုး စွမ်းဆောင်နိုင်ဖို့ ထပ်မံ ကြိုးစားသွားဦးမှာပါ ။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ကွင်းရဲ့ Final Third Zone မှာ ထူးခြားမှု တခုခု ဖြစ်အောင် အမြဲ လုပ်ဆောင်နေတဲ့ တိုက်စစ် ကစားသမား တယောက် ဖြစ်လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ နှစ်ရှည် စီမံကိန်းနဲ့ ချဲလ်ဆီးသို့ ရောက်လာတဲ့ နည်းပြသစ် အန်ဇို မာရက်စ်ကာနဲ့ ပတ်သက်ပြီးလည်း ဒယူးစ်ဘူရီဟော က ” နည်းပြသစ် အကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော် လူမြင်ကွင်းမှာပဲ ပွင့်ပွင့်လင်းလင်း ပြောထားပြီးသားပါ ။ သူဟာ အံ့သြဖွယ်ကောင်းတဲ့ ထိပ်တန်း နည်းပြ တဦးပါ ။ ”

” ပြီးခဲ့တဲ့ ရာသီမှာ လက်စတာရဲ့ ကစားပုံကို သူ လုံးဝ ပြောင်းလဲပစ်ခဲ့ပါတယ် ။ ဒါက အလုပ်ဖြစ်ခဲ့တယ် ဆိုတာ ကျွန်တော်တို့လည်း မြင်တွေ့ခဲ့ရပါတယ် ။ ကျွန်တော် ကိုယ်တိုင်တော့ သူ့ရဲ့ ကစားဟန်တွေမှာ စီးမျောခဲ့ပါတယ် ။ တခြား လက်စတာ အသင်းသားတွေလည်း ကျွန်တော့ နည်းတူ ခံစားခဲ့ကြရမယ် ဆိုတာ သိပါတယ် ။ ”

” ဒီမှာလည်း သူဟာ အဲဒီ ကစားပုံ စတိုင်လ်နဲ့ ပုံသွင်းပြီး ၊ ဒီက အသင်းသားတွေလည်း ဒါကို သဘောကျ နှစ်သက်လိမ့်မယ် ဆိုတာ ကျွန်တော် ယုံကြည်နေပါတယ် ။ လေ့ကျင့်ချိန် ပိုရလေလေ ၊ ကစားပုံက ပိုပြီး သဘာဝဆန်လေလေပါပဲ ။ ဒါက အသင်းအတွက် တကယ် အကျိုးပြုပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR