ဘာစီလိုနာကနေ ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့လဲ ဆိုတာ ဖွင့်ဟလာတဲ့ မာ့ခ်ဂူယူ

 

ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ ဘာစီလိုနာ အသင်းကနေ လာမာစီယာ အကယ်ဒမီထွက် စပိန် ကြယ်ပွင့် တိုက်စစ်မှူး မာ့ခ်ဂူယူကို စာချုပ်ပါလျော်ကြေး ယူရို ၆သန်း ၊ ၅နှစ် + အပိုတနှစ် သက်တမ်းတိုးခွင့် စာချုပ်ချုပ်ဆိုကာ ခေါ်ယူကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ် ။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဂူယူဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘာစီလိုနာ စီနီယာ အသင်း အတွက် ပွဲအနည်းငယ် ပါဝင် ကစားပေးခဲ့ကာ ၊ လာလီဂါနဲ့ ချန်ပီယံလိဂ် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ၊ ဥရောပရဲ့ အလားအလာ အရှိဆုံး လူငယ် ကြယ်ပွင့် တဦး အဖြစ် သတ်မှတ်ခံထားရပါတယ် ။

ချဲလ်ဆီး ကစားသမား ဘဝ ပထမဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂူယူ က ခြင်္သေ့ပြာ အသင်းသား တဦး ဖြစ်လာရခြင်း အပေါ် ” ချဲလ်ဆီးကို ပြောင်းရွှေ့နိုင်ခဲ့တာက ကျွန်တော့ကို နက်ရှိုင်းတဲ့ ပျော်ရွှင်မှု ယူဆောင်လာပေးပါတယ် ။ ကျွန်တော်ဟာ အရမ်း စိတ်လှုပ်ရှားနေခဲ့တာကြောင့် ဒီကို မရောက်ခင် မနေ့ညက လမ်းခရီးမှာ အိပ်လို့တောင် မပျော်ခဲ့ပါဘူး ။ ”

” ကျွန်တော် ငယ်ငယ်လေးကတည်းက ပရီးမီးယားလိဂ်မှာ ကစားဖို့ ၊ အင်္ဂလန်မှာ အောင်မြင်ဖို့ ဆိုတာ ကျွန်တော့ရဲ့ အိပ်မက် တခု ဖြစ်ပါတယ် ။ အခုတော့ ချဲလ်ဆီးကို ပြောင်းလာဖို့ ကျွန်တော် အခွင့်အရေး ရလာပါပြီ ။ ဒီကလပ် အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်ဖို့ ကျွန်တော် အပြင်းထန်ဆုံး ကြိုးစားသွားမှာပါ ။ ”

” ဒီပတ်ဝန်းကျင်မှာ အသားကျဖို့က အရေးကြီးဆုံးပါ ။ ကျွန်တော် ဒီမှာ လျှောလျှောရှူရှူ ဖြတ်သန်းဖို့ အရင်ဆုံး လုပ်ဆောင်ရပါမယ် ။ ဟုတ်ပါတယ် ။ ချဲလ်ဆီး အတွက် ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေ ကျွန်တော် ဆွတ်ခူးပေးချင်ပါတယ် ။ ”

” ကိုယ့်အတွက်လည်း ကျွန်တော်ဟာ အသင်းကို တဖက်တလမ်းက ကူညီပေးတဲ့ အနေနဲ့ ဂိုးတွေ အများကြီး သွင်းပေးလိုပါတယ် ။ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တယောက် ဖြစ်လာချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဂူယူ က ဘာစီလိုနာကနေ ချဲလ်ဆီးသို့ ဘာကြောင်း ပြောင်းရွှေ့လာသလဲ ဆိုတဲ့ အမေး အပေါ် ” ချဲလ်ဆီးကို ပြောင်းလာချင်ရတဲ့ ကျွန်တော့ရဲ့ အဓိက အကြောင်းပြချက်က ဘောလုံး ကစားဟန် ၊ ကလပ်ဖက်က ကျွန်တော့ကို ကမ်းလှမ်းလာတဲ့ အနာဂတ် စီမံကိန်းနဲ့ ကလပ်က လူတိုင်း ကျွန်တော့ အပေါ်မှာ ထားရှိတဲ့ ယုံကြည်မှုတွေကြောင့် ဖြစ်ပါတယ် ။ ”

” ဒီကလပ်မှာ လူငယ် ကစားသမားတွေ ၊ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ကစားသမားတွေနဲ့ ဝန်းရံထားတဲ့ အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ စီမံကိန်း ရှိနေပါတယ် ။ ကျွန်တော်တို့ အတူတူ ကြီးကျယ်တဲ့ အရာတွေ လုပ်ပြနိုင်ပါတယ် ။ ”

” ဒါဟာ အရမ်း အရည်အသွေး မြင့်မားတဲ့ ၊ အရမ်း ငယ်ရွယ်တဲ့ ထိပ်တန်း ကစားသမားတွေနဲ့ ပြည့်နှက်နေတဲ့ ၊ အများကြီး ကမ်းလှမ်းမှု လုပ်နိုင်တဲ့ အသင်း တသင်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR