ချဲလ်ဆီး ပစ်မှတ် နယူးကာဆယ် စတားရဲ့ အနာဂတ်နဲ့ ပတ်သက်ကာ အခိုင်အမာ တုန့်ပြန်ခဲ့တဲ့ အလန်ရှီးယား

 

ချဲလ်ဆီး အသင်းဟာ လက်ရှိ နွေရာသီ ဈေးကွက် အတွင်း အနာဂတ် အတွက် ရည်ရွယ်ကာ ၊ ဆယ်ကျော်သက် လူငယ် ကြယ်ပွင့် တချို့ကို ခေါ်ယူထားပြီး ဖြစ်ပေမယ့် ၊ မေဂျာ ကစားသမား ခေါ်ယူမှုမှာတော့ ဖူလ်ဟမ်ကနေ အလွတ်နဲ့ ရောက်လာတဲ့ အင်္ဂလန် နောက်ခံလူ တိုစင် အဒါရာဘိုင်ယို တဦးတည်းသာ ခေါ်ယူနိုင်သေးတာကို တွေ့ရပါတယ် ။

နည်းပြသစ် အန်ဇို မာရက်စ်ကာ အတွက် ချဲလ်ဆီး ပိုင်ရှင်တွေဟာ အထောင်တိုက်စစ် ၊ ကွင်းလယ်နဲ့ ဂိုးသမား တနေရာစီ ဖြည့်တင်းပေးသွားဖွယ် ရှိတယ်လို့ မျှော်မှန်းရပါတယ် ။ လက်ရှိမှာ ချဲလ်ဆီးဟာ နံပါတ် ၉ နေရာ အတွက် နယူးကာဆယ်မှ ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး အလက်ဇန်းဒါး အိဆက်ခ်ကို ပစ်မှတ်ထားလျက်ရှိပါတယ် ။

ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ၅ဦး စာရင်းဝင် ဖြစ်ခဲ့တဲ့ အိဆက်ခ်ဟာ ဥရောပ အင်အားကြီး ကလပ် တချို့ရဲ့ စိတ်ဝင်စားမှုကို ရထားကာ ၊ ဥရောပ ဝင်ခွင့် မရထားတဲ့ နယူးကာဆယ်ကြောင့် တန်ကြေးမြင့် ကမ်းလှမ်းမှု တစုံတရာသာ ရောက်လာရင် အသင်းပြောင်းသွားနိုင်ခြေ ရှိနေပါတယ် ။

ငှက်ကျားတွေဖက်ကတော့ အိဆက်ခ် အတွက် အနိမ့်ဆုံး ပေါင် ၁၁၅သန်းနဲ့ အထက် ကမ်းလှမ်းမှုတွေသာ လက်ခံ စဉ်းစားမှာ ဖြစ်တယ်လို့ သတိပေးထားပါတယ် ။ မနေ့က ထွက်လာတဲ့ သတင်းတွေ အရတော့ ချဲလ်ဆီးဟာ အိဆက်ခ်ကို ငွေသားသက်သက် ကမ်းလှမ်းမှာ မဟုတ်ပဲ ၊ ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်နဲ့ပါ အလိုက်ပေးသွားဖို့ စဉ်းစားထားတယ်လို့ သိရပါတယ် ။

နယူးကာဆယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ ချဲလ်ဆီးနဲ့ အိဆက်ခ်တို့ရဲ့ အပြောင်းအရွှေ့ သတင်း အပေါ် စိုးရိမ်တုန်လှုပ်မှု မရှိကြောင်း အခိုင်အမာ တုန့်ပြန်ရင်း ၊ ချဲလ်ဆီးဟာ အိဆက်ခ် အတွက် နယူးကာဆယ်မှ တောင်းဆိုတဲ့ ပေါင် ၁၁၅သန်းကိုလည်း ပေးချေနိုင်ဖွယ် မရှိကြောင်း သုံးသပ်သွားပါတယ် ။

BetFair နဲ့ တွေ့ဆုံရာမှာ ရှီးယား က ” အလက်ဇန်းဒါး အိဆက်ခ် တခြား ကလပ်တွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေတာကို ကျွန်တော် စိတ်မပူမိပါဘူး ။ သူ အသင်းပြောင်းလိမ့်မယ်လို့လည်း ကျွန်တော် မထင်ပါဘူး ။ ဒါက ဖြစ်လာမှာ မဟုတ်ပါဘူး ။ ဒါကြီး ဖြစ်လာခဲ့ရင် နယူးကာဆယ် ပရိသတ်တွေ ဒေါသပုန်ထကုန်ကြမှာပါ ။ ”

” နယူးကာဆယ် အတွက် သူ ယူဆောင်ပေးလာတဲ့ အရာတွေ ၊ သူဟာ ဘယ်လောက်ထိ တော်တဲ့ ကစားသမား တယောက် ဖြစ်တယ် ဆိုတာတွေပေါ့ ။ ချဲလ်ဆီးက သူ့ကို ဝယ်ဖို့ တတ်နိုင်တယ်လို့လည်း ကျွန်တော် မထင်ပါဘူး ။ ”

” သတင်းတွေမှာတော့ ကျွန်တော် ဒီအကြောင်း မြင်တွေ့နေရပေမယ့် ၊ ဘာမှ ထွေထွေထူးထူး ရှိမယ်လို့ ကျွန်တော် မထင်ပါဘူး ။ သူသာ နယူးကာဆယ်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် ကျွန်တော် အံ့အားသင့်မိမှာ ဖြစ်သလို ၊ ဒေါသထွက် စိတ်ပျက်မိမှာပါ ။ ”

” သူဟာ ကလပ် တချို့နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေပြီး ၊ ဒါက သူ ဘယ်လောက်ထိ ကောင်းအောင် စွမ်းဆောင်ထားလဲ ဆိုတာ ပြသနေပါတယ် ။ သူဟာ အရမ်းကောင်းတဲ့ ဘောလုံး ရာသီ တခု ပိုင်ဆိုင်ခဲ့တာပါ ။ ”

” သူ ဂိုးပေါက်ရှေ့မှာ ဘာတွေလုပ်ပြနိုင်လဲ ဆိုတာ ကျွန်တော်တို့ သိပါတယ် ။ သူဟာ အံ့သြဖွယ်ကောင်းတဲ့ ကစားသမား တယောက်ပါ ။ သူဟာ နယူးကာဆယ်ကို ချစ်မြတ်နိုးပြီး ၊ တခြား တနေရာရာကို သူ ပြောင်းသွားခဲ့ရင်တော့ ကျွန်တော် အံ့သြမိမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR