အသစ်စက်စက် ချဲလ်ဆီး ကြယ်ပွင့်ဟာ နေမာ နောက်ပိုင်း အကောင်းဆုံး တက်သစ်စ ဘရာဇီးသား ဖြစ်တယ်လို့ ပြောလာတဲ့ ဘရန်ကို

 

ချဲလ်ဆီး အသင်းဟာ ယမန်နေ့ကပဲ ပါးလ်မီးရက်စ် အသင်းမှ ဘရာဇီး ဆယ်ကျော်သက် တောင်ပံကစားသမား အက်စ်တီဗောင် ဝီလီယံကို ယူရို ၃၄သန်းနဲ့ ခေါ်ယူကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ် ။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ ဝီလီယံဟာ လာမယ့် ဘောလုံးရာသီမှာမှ ခြင်္သေ့ပြာတို့နဲ့ စတင် ပူးပေါင်းသွားဖို့ ရှိပြီး ၊ လောလောဆယ် ပါးလ်မီးရက်စ် အတွက် စီနီယာ ပွဲကစားခွင့် ၂၂ကြိမ် အထိ ရရှိထားကာ ၊ ခြေစွမ်းကောင်းတွေလည်း ပြသထားပါတယ် ။

အမေရိကန်ပိုင်ရှင်တွေ လက်ထက်မှာ ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ ပေါ်လစီ အရ လူငယ် ကြယ်ပွင့်တွေကို အဓိက ဦးစားပေး ပစ်မှတ်ထား ခေါ်ယူနေကာ ၊ အက်စ်တီဗောင်ဟာ ၎င်းတို့ ခေါ်ယူထားတဲ့ ၄ယောက်မြောက် ဘရာဇီး တက်သစ်စ ကြယ်ပွင့် ဖြစ်ပါတယ် ။

၁၉၉၄ ကမ္ဘာ့ဖလား ချန်ပီယံ ဘရာဇီး အသင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမားဟောင်း ဘရန်ကိုက အက်စ်တီဗောင် ဝီလီယံဟာ နေမာ နောက်ပိုင်း ဘရာဇီးလိဂ်ရဲ့ အကောင်းဆုံးနဲ့ အကြီးကျယ်ဆုံး တက်သစ်စ ကြယ်ပွင့် ဖြစ်ကြောင်း ချီးကျူးသွားပါတယ် ။

Canal WAMO နဲ့ တွေ့ဆုံခဲ့ရာမှာ ဘရန်ကို က ” ဒီလို ချာတိတ်မျိုးတွေ ကျွန်တော်တို့မှာ ရှိနေတာ အချိန် ကာလ တရပ် အတော်ကြာလာပါပြီ ။ ဘရာဇီးဟာ အံ့သြမှင်သက်ဖွယ်ကောင်းတဲ့ ဘောလုံး မျိုးဆက် တရပ် ပိုင်ဆိုင်ထားပါတယ် ။ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဘရာဇီးဟာ အရမ်း တောင့်တင်းတဲ့ ပုံစံ တရပ်နဲ့ ရောက်လာပါလိမ့်မယ် ။ ”

” သူတို့ဟာ ခွန်အား ၊ အပြေးအား ၊ အရည်အသွေးတွေနဲ့ အတူ လာမယ့် ကမ္ဘာ့ဖလားဆီ ဆိုက်ရောက်လာမှာပါ ။ တခြား တက်သစ်စ ကြယ်ပွင့်တွေကို လေးစားမှု ထားပေမယ့် ၊ ကျွန်တော် တခါမှ မပြောခဲ့ဖူးတဲ့ အရမ်း လေးနက်တဲ့ အရာ တခု ပြောပါမယ် ။ ”

” အက်စ်တီဗောင်ဟာ ကျွန်တော် မြင်ဖူးသမျှထဲ နေမာ နောက်ပိုင်း ဘရာဇီးမှာ မွေးဖွားလာတဲ့ အကြီးကျယ်ဆုံး တက်သစ်စ ကစားသမားပါပဲ ။ ဒါက ကျွန်တော့ အမြင်ပါ ။ ခင်ဗျားတို့ဟာ သူနဲ့ နီးစပ်တဲ့ ကစားသမားတွေ တွေ့ဖူးကြမှာပါ ။ ”

” ဒါက ဘရာဇီးပါ ။ သူတို့ အားလုံး အံ့သြဖွယ်ကောင်းပေမယ့် ၊ ဒီချာတိတ်ကတော့ တခြားသူတွေထက် အနည်းငယ် နှာတဖျား သာနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဝီလီယံဟာ မနေ့က ချဲလ်ဆီးရဲ့ တရားဝင် အပြောင်းအရွှေ့ Statement ကြေညာချက်ကို သူ့ရဲ့ ကိုယ်ပိုင် X အကောင့်ကတဆင့် ပြန်ရှယ်သွားကာ ၊ ‘ ကျေးဇူးတင်ပါတယ်ဗျာ ၊ နောက်ထပ် အိပ်မက် တခု အမှန်တကယ် ဖြစ်လာပြီ ‘ လို့ ရေးသားသွားခဲ့ပါတယ် ။

SPORTS MYANMAR