ချဲလ်ဆီး flop နဲ့ ပတ်သက်ပြီး သူကြားမိတဲ့ အရာတွေကို ထုတ်ဖော်လာတဲ့ ဂျိုးဟတ်

 

ချဲလ်ဆီး အသင်းဟာ အမေရိကန် ပိုင်ရှင်တွေ စရောက်ရောက်ချင်း နှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သိသာတဲ့ တိုးတက်မှုတွေ ပြသနိုင်ခဲ့ပါတယ် ။ သို့ပေမယ့် တချို့သော အားနည်းချက်တွေ ၊ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ စတား တချို့လည်း ခြင်္သေ့ပြာတို့မှာ ရှိနေဆဲ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့နှစ် ဆောင်းရာသီ ဈေးကွက် အတွင်း ရှက်တာဒိုးနက်စ်ကနေ ယူရိုသန်း ၇၀နဲ့ ပြောင်းရွှေ့လာတဲ့ ယူကရိန်း လက်ရွေးစင် တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်ဟာ တန်ကြေးနဲ့ ထိုက်တန်တဲ့ ၊ ပရိသတ်တွေ မျှော်မှန်းထားတဲ့ ခြေစွမ်း အတိုင်းအတာ တရပ်ဆီ ရောက်နိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ် ။

လက်ရှိမှာ ယူရို ၂၀၂၄ ဆင်နွှဲနေတဲ့ မူဒရစ်ဟာ ပြီးခဲ့တဲ့ ဆလိုဗက်ကီးယား အသင်းနဲ့ အုပ်စု ပွဲစဉ် ၂မှာတော့ အတော်အသင့် ခြေစွမ်းပြနိုင်ခဲ့ပြီး ၊ ၂ – ၁ အနိုင်ရလဒ် အတွက် တစိတ်တပိုင်း ပါဝင် ကူညီပေးခဲ့ပါတယ် ။ ဒီတော့ အုပ်စု နောက်ဆုံးပွဲမှာလည်း မူဒရစ် တယောက် ပုံစံကောင်း ဆက်ပြနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

မန်စီးတီးနဲ့ အင်္ဂလန် လက်ရွေးစင် ဂိုးသမားဟောင်း ဂျိုးဟတ်ကတော့ မူဒရစ်ဟာ သူ ဆဲလ်တစ်မှာ ကစားခဲ့စဉ်က သူ့ကို ဒုက္ခများစွာ ပေးခဲ့ကြောင်း ပြန်ပြောင်းဖွင့်ဟရင်း ၊ ယင်းယူကရိန်းသားနဲ့ ပတ်သက်ပြီး ကြားမိတဲ့ ကောင်းနိုးရာရာ တချို့ကို အခုလိုပဲ ထုတ်ဖော်လာပါတယ် ။

BBC Sport နဲ့ တွေ့ဆုံရာမှာ ဂျိုးဟတ် က ” သူ့မှာ ကြီးမားတဲ့ ပင်ကို အရည်အသွေး ရှိပါတယ် ။ ရှက်တာမှာ သူ ရှိနေခဲ့တုန်းက ၊ သူ့ရဲ့ ယုံကြည်မှုတွေ မြင့်နေခဲ့တုန်းက ကျွန်တော် သူနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပါတယ် ။ ရိုးရိုးသားသား ပြောရရင် ရှက်တာဟာ သာမန်အဆင့်သာသာ ရှိတဲ့ အသင်း တသင်းပါ ။ ”

” ကျွန်တော်တို့ဟာ သူတို့ကို ကောင်းကောင်း ရင်ဆိုင်ကစားနိုင်ခဲ့ပေမယ့် ၊ သူဟာ တပွဲလုံး ကျွန်တော်တို့ အပေါ် ခြိမ်းခြောက်ခဲ့ပါတယ် ။ ကျွန်တော် ဂွကြားထဲကို သူ ၂ဂိုး သွင်းခဲ့တာပါ ။ ဒီတော့ ပရီးမီးယားလိဂ်ကို သူ ရောက်လာတဲ့အခါ ကျွန်တော်က ‘ ဒီကောင်လေးကို စောင့်ကြည့်ကြ ‘ လို့ ပြောခဲ့ပါတယ် ။ ”

” ဒီမှာကြည့်ပါ ၊ သူဟာ အခုထိ အသက်ငယ်ပါသေးတယ် ။ ချဲလ်ဆီးဟာ လက်ရှိမှာ ကစားသမားတွေ အတွက် တောက်ပဖို့ အနည်းငယ် ခက်ခဲတဲ့ ကလပ် တသင်း ဖြစ်ပါတယ် ။ ဒါပေမဟ့် သူတို့ဟာ ပုံစံကောင်း ပြန်ရှာတွေ့နေပြီး ၊ သူဟာ အသင်း ပုံစံကောင်း ရတဲ့အချိန်ဆို ခြေစွမ်းပြတတ်တဲ့ ကြယ်ပွင့် တဦး ဖြစ်တာကြောင့် သူ ဘာတွေလုပ်ပြနိုင်မလဲ ဆိုတာ တွေ့ရဖို့ ကျွန်တော် စိတ်လှုပ်ရှားနေပါတယ် ။ ”

” သူ အသင်းပြောင်း မှားခဲ့လား ? ဘယ်သူက သိမှာလဲ ? ကိုးလ်ပါလ်မာက လွဲရင် ဘယ်သူမှ ချဲလ်ဆီးမှာ အဆင်မပြေခဲ့သလောက်ပါပဲ ။ ဒါက ကျွန်တော် ကမ်းကုန် ပွင့်ပွင့်လင်းလင်း ပြောတာပါ ။ သူတို့ဟာ အခြေခံအုတ်မြစ် တခုကို တည်ဆောက်ဖို့ ကြိုးပမ်းနေပါတယ် ။ ”

” သူဟာ လူငယ် ကစားသမား တယောက် ဖြစ်ပြီး ၊ နှစ်ရှည် စာချုပ် တရပ် ချုပ်ထားပါတယ် ။ ကျွန်တော် သူနဲ့ ပတ်သက်ပြီး ကြားမိတဲ့ အရာတိုင်းက သူဟာ အမြဲတမ်း တိုးတက်ချင်တဲ့ ၊ ပြင်းပြင်းထန်ထန် ကြိုးစားနေတဲ့ ၊ ဂိုးသွင်း အမြဲ လေ့ကျင့်တဲ့ ကစားသမား တယောက် ဆိုတာပါပဲ ။ ”

” ဒီမှာကြည့်ပါ ၊ သူ့ဆီမှာ အရည်အချင်းတွေ ရှိပါတယ် ။ ပရီးမီးယားလိဂ်မှာ သူ့ဆီကနေ ချဲလ်ဆီးတို့ ဒါတွေကို ထုတ်ယူနိုင်မလား ဆိုတာပဲ မူတည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR