လာမယ့် ဘောလုံး ရာသီ ချဲလ်ဆီးတို့ အတွက် အောင်မြင်မှုက ဘာလဲ ဆိုတာ ပြောပြလာတဲ့ ဇိုလာ

 

ချဲလ်ဆီး အသင်းဟာ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေရဲ့ လက်အောက်မှာ ဘောလုံး ရာသီ ၂ခုဆက် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ထားပြီး ၊ ပြီးခဲ့တဲ့ ရာသီ ပိတ်သိမ်းခါနီးမှာတော့ ကွန်းဖရန့်လိဂ် ဝင်ခွင့် တနေရာကို ခက်ခက်ခဲခဲ စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

၃နှစ်မြောက် ရောက်လာတော့မယ့် အချိန် အမေရိကန် ပိုင်ရှင်တွေဟာ ချဲလ်ဆီးမှာ နည်းပြ အရေအတွက် ၅ဦး အထိ လဲလှယ်ထားပြီး ဖြစ်ရာ ၊ ဒီတကြိမ်မှာလည်း အာဂျင်တိုင်းသား နည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ လမ်းခွဲခဲ့ပြီး ၊ ပရီးမီးယားလိဂ်နဲ့ ဥရောပ အတွေ့အကြုံ အတော်နည်းတဲ့ လက်စတာ နည်းပြဟောင်း အန်ဇို မာရက်စ်ကာကို ခေါ်ယူခန့်အပ်ထားပါတယ် ။

ပြီးခဲ့တဲ့ ရာသီမှာ မာရက်စ်ကာဟာ လက်စတာကို ချန်ပီယံရှစ် ချန်ပီယံ အဖြစ်နဲ့ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ၊ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ လက်အောက်မှာ အလုပ်လုပ်ခဲ့တာကလွဲရင် ၎င်းမှာ ထိပ်တန်းအဆင့် အတွေ့အကြုံ ကြီးကြီးမားမား မရှိတာကို တွေ့ရပါတယ် ။

လက်ရှိ ဈေးကွက်အတွင်းမှာ ကစားသမားသစ် ဖြည့်တင်းမှု အနည်းငယ် ထပ်လုပ်သွားဦးမှာ ဖြစ်ပေမယ့် ၊ ရာသီသစ် ပစ်မှတ်ကတော့ မာရက်စ်ကာ အနေနဲ့ အနိမ့်ဆုံး ချန်ပီယံလိဂ် ဝင်ခွင့် စွမ်းဆောင်ပေးဖို့ လိုနေပါတယ် ။

ချဲလ်ဆီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ဂျီယန်ဖရန်ကို ဇိုလာကတော့ မာရက်စ်ကာနဲ့ ခြင်္သေ့ပြာတို့ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ရမှသာ လာမယ့် ရာသီကို အောင်မြင်တဲ့ နှစ်တနှစ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ကြောင်း LadBrokes နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ သုံးသပ်သွားပါတယ် ။

ဇိုလာ က ” အရည်အသွေး အရတော့ ဒီအသင်းမှာ လုပ်နိုင်စွမ်း ရှိနေသေးတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမယ့် လူငယ် အသင်း တသင်းဟာ သူတို့ကို လမ်းခရီး တလျှောက် လမ်းပြပေးနိုင်မယ့် အတွေ့အကြုံရင့် ကစားသမားတွေ လိုအပ်တယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ် ။ ”

” မျှတမှု ရှိတဲ့ အရည်အသွေးမြင့် ကစားသမား ပေါင်းစပ်ခြင်းက အရေးကြီးတာကြောင့် သူတို့ဟာ ဒီလူငယ်လေးတွေကို အမှန်တကယ် လမ်းပြပေးနိုင်မယ်လို့ ကျွန်တော် တထစ်ချ ယုံကြည်ပါတယ် ။ ချဲလ်ဆီးသာ အတွေ့အကြုံရင့် ကစားသမား အနည်းငယ် ထပ်ဖြည့်နိုင်ခဲ့ရင် ၊ ဒါက အခြေခံကျလာပါလိမ့်မယ် ။ ”

” လာမယ့် ဘောလုံး ရာသီမှာ ချဲလ်ဆီး အတွက် အောင်မြင်မှုက ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ ရဖို့ ဖြစ်ပါတယ် ။ ကျွန်တော်တို့ဟာ ဒီနှစ်မှာ ဒီအနေအထားနဲ့ နီးစပ်ခဲ့ပါတယ် ။ ဒါကြောင့် လာမယ့် ရာသီမှာ ကျွန်တော်တို့ ဒါကို စွမ်းဆောင်နိုင်ခဲ့ရင် အရမ်းကောင်းတဲ့ ဘောလုံးရာသီ တခု ဖြစ်လိမ့်မယ်လို့ ကျွန်တော် ပြောနိုင်ပါတယ် ။ ”

” ဒီပြိုင်ပွဲဟာ မန်စီးတီး ၊ လီဗာပူးနဲ့ အခု အာဆင်နယ်တို့ပါ အတော် အံ့သြဖွယ် အင်အား တောင့်တင်းလာတာကို ထည့်သွင်းစဉ်းစားရင် ဒါက ခက်ခဲပါတယ် ။ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာက ကျွန်တော်တို့ အတွက် အံ့သြဖွယ် မှတ်တိုင် တရပ် ဖြစ်လာမှာပါ ။ ”

” အဆင့်အတန်းက အရမ်း မြင့်နားနေတာကြောင့် ချဲလ်ဆီးဟာ အထက်က အသင်းတွေရဲ့ ခြေစွမ်းဆီ အမှီလိုက်ဖို့ အများကြီး လိုက်လံ ဖြည့်တင်းရပါမယ် ။ အများကြီး ကြိုးစားရပါဦးမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR