ယူရို ၂၀၂၄ အုပ်စု ၂ပွဲဆက် Man of the Match ဆုရှင် ကန်တေနဲ့ ပတ်သက်ပြီး စပါယ်ရှယ် အဖြစ်ဆုံး အရာကို ထုတ်ပြောလာတဲ့ ဖာဘရီဂတ်စ်

 

ပြင်သစ် လက်ရွေးစင် ဝါရင့် ကွင်းလယ်လူ အန်ဂိုလို ကန်တေဟာ ယမန်နေ့ညက ကစားသွားတဲ့ နယ်သာလန် အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စုပွဲစဉ် ၂မှာ နောက်ထပ် အံ့သြဖွယ် စွမ်းဆောင်ရည်ကောင်း တရပ် ပြသကာ ၊ Man of the Match ဆုကို ၂ပွဲဆက် ဆွတ်ခူးသွားပါတယ် ။

အသက် ၃၃နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ကန်တေဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ ဈေးကွက်မှာ ချဲလ်ဆီးကနေ အလွတ်နဲ့ ထွက်ခွာကာ ၊ လူစိတ်ဝင်စားမှု သိသိသာသာ နည်းတဲ့ ဆော်ဒီ ပရိုလိဂ် ကလပ် အယ်အစ်တီဟတ်သို့ ပြောင်းရွှေ့သွားပြီးနောက် ၎င်းအပေါ် ချီးကျူးမှုတွေ လျော့ပါးလာတာကို တွေ့ရပါတယ် ။

သို့ပေမယ့် ကန်တေဟာ မနေ့က ပွဲမှာလည်း သူ ခြေစွမ်း မကျသေးကြောင်းနဲ့ ပြင်သစ် လက်ရွေးစင် ပွဲထွက်ခွင့်နဲ့ ထိုက်တန်သေးကြောင်းကို ဆက်လက် ပြသသွားပါတယ် ။ ချဲလ်ဆီးမှာ ၎င်းနဲ့ အတူ နှစ်အနည်းငယ်ကြာ တွဲကစားခဲ့ဖူးတဲ့ စပိန် လက်ရွေးစင် ကွင်းလယ်လူဟောင်း ဆက်စ်ဖာဘရီဂတ်စ်ကတော့ သူ့ရဲ့ စပါယ်ရှယ် အဖြစ်ဆုံး အရာကို BBC Sport ရဲ့ ပွဲကြို သုံးသပ်ချက် အစီအစဉ်မှာ အခုလိုပဲ ထုတ်ပြောလာပါတယ် ။

ဖာဘရီဂတ်စ် က ” သူဟာ အံ့သြဖွယ်ကောင်းပါတယ် ။ ကျွန်တော်ဟာ အန်ဂိုလိုနဲ့ ပတ်သက်လာရင် ချီးကျူးစရာတွေ အမြဲပဲ ကျန်နေမှာပါ ။ ကျွန်တော် ဆိုလိုတာက သူဟာ What a player ပါပဲ ။ ”

” လက်စတာနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီးနောက် သူ ချဲလ်ဆီးကို ပြောင်းလာတော့ သူဟာ နည်းစနစ်ပိုင်း ကောင်းခဲ့ပေမယ့် ၊ သူ့ကို အမှားပြင်ပေးတဲ့ ကစားသမား တယောက် အဖြစ်နဲ့ပဲ ကျွန်တော်တို့ ပိုပြီး မြင်ခဲ့တာပါ ။ ”

” ဒါပေမယ့် သူနဲ့ ပတ်သက်ပြီး အရေးကြီးဆုံးနဲ့ စပါယ်ရှယ် အဖြစ်ဆုံး အရာကတော့ သင်ယူ လေ့လာချင်စိတ် ရှိတာနဲ့ ဒါကို လျင်လျင်မြန်မြန် တတ်ကျွမ်းပြီး ကွင်းတွင်း လက်တွေ့ အသုံးချ လုပ်ပြနိုင်စွမ်း ရှိတာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ဖာဘရီဂတ်စ်က ကန်တေရဲ့ ယူရို ပြိုင်ပွဲ အတွင်းမှ စွမ်းဆောင်ရည် အပေါ် အခုလိုပဲ ချီးကျူးသွားပါတယ် ။

ဖာဘရီဂတ်စ် က ” ဒါဟာ အန်ဂိုလိုရဲ့ စတိုင်လ်ပါပဲ ။ ဘောလုံး ပြန်ဆယ်ပေးတာပေါ့ ။ ကျွန်တော့ အတွက်တော့ သူဟာ ဒီနေရာမှာ အတော်လေး တိုးတက်လာခဲ့ပါတယ် ။ သူဟာ ဘယ်လောက်ထိ ပါးနပ်မှု ရှိလဲ ဆိုတာ ပြသနေပါတယ် ။ ဘောလုံး ပြန်ဆယ်ပြီးတာနဲ့ တိုက်စစ်ကို တချက်ထိ ပုံစံနဲ့ အမြဲ ဘောလုံး ပြန်ဖြန့်ပေးပါတယ် ။ ”

” ဒါက ခင်ဗျားကို ခံစစ်ကနေ တိုက်စစ် အသွင်ကို ခပ်မြန်မြန် ပြောင်းလဲပေးပါတယ် ။ တခြား ကစားသမားတွေဆိုရင် ဒီနေရာမှာ ဘောလုံး ကိုင်ထားတာ အရမ်းကြာတာကြောင့် ၊ ဒီအခိုက်အတန့်ကို ဆုံးရှုံးလိုက်ရမှာပါ ။ ”

” နောက်ကနေ ပြိုင်ဖက် ကစားသမားကို အမှီလိုက်တဲ့ နေရာမှာလည်း ဒီကမ္ဘာပေါ်မှာ သူ့လို ကောင်းအောင် လုပ်ပြနိုင်တဲ့ ကစားသမား တယောက်မှ မရှိပါဘူး ။ ဒီပုံစံနဲ့ သူဟာ အသင်းကို ကြိမ်ဖန်များစွာ ကယ်တင်ပေးခဲ့ပါတယ် ။ အဝတ်လဲခန်းထဲမှာ သူ့ကို ပိုင်ဆိုင်ထားတာက စိန်တုံး တတုံး ရလိုက်သလိုပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR