ချဲလ်ဆီးမှ ထွက်ခွာခဲ့ပြီးနောက် တော့ဒ်ဘိုလီနဲ့ အမေရိကန်ပိုင်ရှင်တွေထံ ပထမဆုံး အကြိမ် မက်ဆေ့ချ် ပေးလာတဲ့ ပိုချက်တီနို

 

အာဂျင်တီးနားလူမျိုး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ပိတ်သိမ်းအပြီး ရက်ပိုင်း အကြာမှာပဲ ချဲလ်ဆီး အသင်းနဲ့ တရားဝင် လမ်းခွဲခဲ့ပါတယ် ။ တနှစ် စာချုပ် ကျန်နေသေးပေမယ့် ၊ ၂ဦး ၂ဖက် ရှေ့ဆက်ဖို့ သဘောထား မတိုက်ဆိုင်ခဲ့တာကြောင့် ချဲလ်ဆီးနဲ့ ပိုချက်တီနိုတို့ လူကြီးလူကောင်းဆန်ဆန် လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ် ။

လာမယ့် ဇွန်လ ၉ရက်နေ့မှာတော့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ SoccerAid ရန်ပုံငွေပွဲ ကျင်းပသွားဖို့ရှိရာ ၊ ပိုချက်တီနိုဟာ World XI အသင်းရဲ့ နည်းပြအဖြစ်နဲ့ ပြန်လာမှာ ဖြစ်ပြီး ၊ ထိုပွဲမတိုင်ခင် ချဲလ်ဆီး ပိုင်ရှင်တွေထံ အခုလိုပဲ မက်ဆေ့ချ် ပေးသွားပါတယ် ။

ကိုယ်ပိုင် အင်စတာဂရမ် စာမျက်နှာမှတဆင့် ပိုချက်တီနို က ” အသင်းပိုင်ရှင်တွေနဲ့ အားကစား ဒါရိုက်တာတွေကို ချဲလ်ဆီးလို ကြီးကျယ်တဲ့ ကလပ်နဲ့ အတူ ပရီးမီးယားလိဂ်ဆီ ပြန်လာပြီး အလုပ်လုပ်ခွင့် ပေးလို့ ၊ သူတို့ဆီက အားပေးထောက်ခံမှုတွေ ရခဲ့လို့ ကျွန်တော်တို့ အထူး ကျေးဇူးတင်ပါတယ် ။ နောက်ပြီး အသင်းသားတွေ ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ။ ”

” ခင်ဗျားတို့ အားလုံး အတွက် ဒီဘောလုံးအသင်းဟာ ဘယ်လောက်ထိ အရေးပါလဲ ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ် ။ ဒါကြောင့်လည်း ခင်ဗျားတို့ ဂုဏ်ယူလို့ ရနိုင်မယ့် ချဲလ်ဆီး အသင်း ဖြစ်အောင် ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကြိုးစားပေးခဲ့ကြတာပါ ။ ”

” အသင်း ရောက်ရှိခဲ့တဲ့ အဆင့်အတန်းနဲ့ အသင်းရဲ့ အဆင့်အတန်း မြင့်တက်လာဖို့ ကစားသမားတွေ ၊ ဝန်ထမ်းတွေရဲ့ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ပုံတွေ အတွက် ကျွန်တော် အထူး ကျေနပ်မိပါတယ် ။ သူတို့တွေဟာ ကြီးကျယ်တဲ့ ချီးကျူးမှုတွေနဲ့ ထိုက်တန်ကြပါတယ် ။ ကွင်းတွင်းက သူတို့ရဲ့ စွမ်းဆောင်ပုံတွေက တဆင့် ခင်ဗျားတို့ ထပ်တူခံစားခဲ့ကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ”

LONDON, ENGLAND – AUGUST 13: Mauricio Pochettino, Manager of Chelsea, waves to the fans after the Premier League match between Chelsea FC and Liverpool FC at Stamford Bridge on August 13, 2023 in London, England. (Photo by Harriet Lander – Chelsea FC/Chelsea FC via Getty Images)

” အနိမ့်အမြင့် အတက်အကျများစွာ ရှိခဲ့တာ ကျွန်တော်တို့ သိပါတယ် ။ ဒါပေမယ့် ဒီအသင်း အပေါ်မှာရော ၊ ကျွန်တော်တို့ တည်ငြိမ်တဲ့ အဆင့်တဆင့်ဆီ ရောက်ရှိလိမ့်မယ် ဆိုတဲ့ အပေါ်မှာရော ကျွန်တော်တို့ အမြဲတမ်း ယုံကြည်ခဲ့ပါတယ် ။ ဒီရာသီ အတွေ့အကြုံတွေအရ ကျွန်တော်တို့ဟာ အသင်းမှာ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတွေ မြင်တွေ့ခဲ့ရပါတယ် ။ ”

” ဒါက အနာဂတ်မှာ ကစားသမားတွေကို ဒီထက် ပိုပြီး သန်မာလာစေဖို့ မျှော်လင့်ပါတယ် ။ သူတို့ အားလုံးနဲ့ အတူ အလုပ်လုပ်ခဲ့ရတာက ဝမ်းမြောက်စရာ ဖြစ်သလို ၊ မနှစ်က ကျွန်တော်တို့ အတူတူ ဖန်တီးခဲ့ကြတဲ့ ရင်းနှီးမှုတွေ အတွက်လည်း ကျေးဇူးတင်ပါတယ် ။ ”

” လာမယ့် ရာသီနဲ့ နောက်ရာသီ အဆက်ဆက် ခင်ဗျားတို့ အားလုံး အကောင်းဆုံး ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုပါတယ် ။ မကြာခင်မှာ SoccerAid ရန်ပုံငွေပွဲနဲ့ အတူ စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြန်လာဖို့ ကျွန်တော်တို့ အခွင့်အရေး ရမှာဖြစ်လို့လည်း ဝမ်းမြောက်မိပါတယ် ။ ”

” ချဲလ်ဆီးက လူတချို့နဲ့လည်း ပြန်လည် ဆုံတွေ့ရဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ကြီးကျယ်တဲ့ နွေရာသီ ကာလ တခု ခင်ဗျားတို့ ပိုင်ဆိုင်ရဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ” လို့ ရေးသားသွားခဲ့ပါတယ် ။

SPORTS MYANMAR