ရီးရဲလ်မက်ဒရစ် အသင်းဟာ မနေ့ညက ဝင်ဘလေကွင်းမှာ ကစားသွားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဒေါ့မွန် အသင်းကို ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ အနိုင်ရကာ ၊ သမိုင်းတလျှောက် ပြိုင်ဖက်ကင်း ၁၅ကြိမ်မြောက် အထိ ဗိုလ်စွဲနိုင်ခဲ့ပါတယ် ။
ဒီပွဲရဲ့ ပထမပိုင်းမှာ ရီးရဲလ်မက်ဒရစ်တို့ ပြိုင်ဖက်ရဲ့ အဆုံးသတ် မသေချာမှုတွေကြောင့် မရှုံးနိမ့်နေခဲ့တာ ဖြစ်ပြီး ၊ ဒုတိယပိုင်းမှာ နည်းစနစ်ပိုင်း ပြောင်းလဲမှု အချို့နဲ့ အတူ ဒေါ့မွန်ရဲ့ အာရုံစိုက်မှု လျော့နည်းလာခြင်းတွေကို အခွင့်ကောင်းယူကာ ၊ တိကျသေချာတဲ့ အဆုံးသတ်တွေနဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ် ။
Movistar နဲ့ တွေ့ဆုံခဲ့တဲ့ ပွဲပြီး အင်တာဗျူးမှာ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ ဗင်နီးဆီးယပ်စ် ဂျူနီယာကို သူ ဆူပူကြိမ်းမောင်းခဲ့ကြောင်း အခုလို ဝန်ခံလာပါတယ် ။
အန်ဆယ်လော့တီ က ” ကျွန်တော် သူ့ကို နည်းနည်း အော်ငေါက်ခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ ပထမပိုင်းမှာ ကျွန်တော်တို့ ကစားတာ အနည်းငယ် ပျင်းရိစရာကောင်းခဲ့ပြီး ၊ ပုံမှန် ကျွန်တော်တို့ မရှုံးတဲ့ နေရာတွေမှာ ဆုံးရှုံးမှုတွေ ရှိနေခဲ့လို့ပါ ။ ပြိုင်ဖက် အသင်းဟာ သူတို့ လိုချင်တဲ့ ပုံစံအတိုင်း ကစားခဲ့ပြီး ၊ သူတို့ဟာ အရမ်း အန္တရာယ်ရှိခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာလည်း အန်ဆယ်လော့တီက သူ ဘာကြောင့် ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ ရီးရဲလ်မက်ဒရစ် အသင်းသားတွေကို ဆူူပူခဲ့လဲ ဆိုတာ ပြောပြရင်း ၊ ဒုတိယပိုင်း မစခင် သူ ပြောင်းလဲခဲ့တဲ့ နည်းစနစ် အရွေ့ တချို့ကို အခုလိုပဲ ထုတ်ဖော်လာပါတယ် ။
အန်ဆယ်လော့တီ က ” ကျွန်တော် ဒေါသထွက်ဖို့ လိုခဲ့တဲ့ အနေအထားတော့ မဟုတ်ခဲ့ပါဘူး ။ ဒါပေမယ့် ကျွန်တော် ရှင်းပြချင်တာလေး အနည်းငယ် ရှိခဲ့တာပါ ။ ဘာလို့လဲဆိုတော့ ဒေါ့မွန် ကစားခဲ့တဲ့ ပုံစံက ရှင်းနေခဲ့လို့ပါ ။ သူတို့ဟာ တိုက်စစ်ခံစစ် အတက်အဆင်း ကစားတာ အံ့သြဖွယ်ကောင်းခဲ့ပါတယ် ။ ”
” ကျွန်တော်တို့ဟာ ပထမပိုင်းမှာ ဟန်ချက် ညီမျှမှု အနည်းငယ် လျော့ခဲ့ပြီး ၊ တိုက်စစ်ခံစစ် အတက်အဆင်း စီမံခန့်ခွဲမှု လုပ်ဖို့ လိုခဲ့ပါတယ် ။ ပြိုင်ဖက်ရဲ့ ကွင်းတဝက်လောက်မှာ ဘောလုံး ရောက်တဲ့အခါတိုင်း ကျွန်တော်တို့ ခဏခဏ ဘောလုံး ဆုံးရှုံးခဲ့ပါတယ် ။ ဒါကြောင့် နည်းစနစ် အပြောင်းအလဲ လုပ်ပြီး ၊ ကွင်းလယ်လူ အနည်းငယ် ထပ်ထည့်ဖို့ ကျွန်တော်တို့ စဉ်းစားခဲ့ပါတယ် ။ ”
” ဗယ်ဗာဒီကို ညာခြမ်းပို့ခဲ့ပြီး ၊ အဲဒီမှာ ရိုဒရီဂိုနဲ့ အတူတူ တွဲကစားစေခဲ့ပါတယ် ။ ဗယ်ဗာဒီကို ကာမာဗင်ဂါ ၊ ကရူးစ်တို့နဲ့ ပြန်တွဲပေးလိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ဒုတိယပိုင်း ကစားပုံ ပိုကောင်းလာခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
အခရာကျတဲ့ ကာကွယ်မှုတွေ လုပ်သွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ဂိုးသမား သီဘောက် ကော်တွားကလည်း အန်ဆယ်လော့တီရဲ့ မှတ်ချက် အပေါ် ထောက်ခံတဲ့ အနေနဲ့ ” ပထမပိုင်းမှာ ကျွန်တော်တို့ဟာ နည်းပြကြီး တောင်းဆိုတဲ့ အတိုင်း မကစားနိုင်ခဲ့ကြပါဘူး ။ ”
” ပြိုင်ဖက် အသင်းမှာ နေရာလွတ်တွေ အများကြီး ရှိခဲ့ပေမယ့် ၊ ကျွန်တော်တို့ သေသေချာချာ ဖိအား မပေးနိုင်ခဲ့ပါဘူး ။ ဒီတော့ ပထမပိုင်းအပြီး အန်ဆယ်လော့တီက ကျွန်တော်တို့ကို ၄ – ၃ – ၃ ကစားကွက် ပြောင်းဖို့ မှာခဲ့ပြီး ၊ အဲဒီကနေ ကျွန်တော်တို့ရဲ့ ပွဲထိန်းချုပ်ပုံက ပိုကောင်းလာခဲ့ပါတယ် ။ ”
” ပထမပိုင်းကို ကျွန်တော်တို့ ကာကွယ်နိုင်ခဲ့တယ်ပဲ ပြောရပါမယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လွယ်လွယ်လေးနဲ့ ၂ – ၀ ရှုံးသွားနိုင်ခဲ့မှာမို့ပါ ။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်တော့မှ မရပ်တန့်ခဲ့သလို ၊ အနိုင်ရနိုင်စွမ်းလည်း ရှိခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR