ဇန်နဝါရီကမှ ချဲလ်ဆီးကို ပြောင်းရွှေ့လာတဲ့ စတား တဦးဟာ လက်ရှိ ကြုံတွေ့နေရတဲ့ အသင်းတွင်း အခြေအနေအပေါ် ဇဝေဇဝါ ဖြစ်နေလိမ့်မယ်လို့ သုံးသပ်သွားတဲ့ ရီယိုဖာဒီနန်

ပြီးခဲ့တဲ့ အင်္ဂါနေ့ညမှာတော့ ချဲလ်ဆီး အသင်းရဲ့ ယခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ်ခရီး ဆုံးခန်းတိုင်ခဲ့ပြီး ၊ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို ၂ကျော့လုံး ရှုံးကာ ၊ ကွာတားအဆင့်နဲ့ ကျေနပ်လိုက်ရတာကြောင့် နောက်တကြိမ် ချန်ပီယံလိဂ် ပြန်ကစားရဖို့ အနိမ့်ဆုံး တနှစ်ခွဲလောက် စောင့်ရတော့မှာ ဖြစ်ပါတယ် ။

နွေရာသီ စျေးကွက်နဲ့ ဆောင်းရာသီ စျေးကွက် အတွင်း စံချိန်တင် အသုံးစရိတ်တွေနဲ့ ကစားသမားသစ်တွေ တယောက်ပြီး တယောက် ခေါ်ခဲ့ပေမယ့် ၊ ချဲလ်ဆီး ပိုင်ရှင်သစ်တွေ အတွက် ဒီရာသီက မှန်းချက်နဲ့ နှမ်းထွက် လုံးဝ မကိုက်ခဲ့ပါဘူး ။

လာမယ့် ဘောလုံးရာသီ ဥရောပ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်တောင် မသေချာတော့တဲ့ အနေအထားမှာ ရှိနေတာကြောင့် ချဲလ်ဆီးတို့ နောက်လာမယ့် စျေးကွက် အတွင်း ကစားသမား အများအပြား မဖြစ်မနေ ထုတ်ရောင်းရဖို့ ရှိနေပါတယ် ။ နှစ်ရှည်စာချုပ်တွေနဲ့ အသီးသီး ပြောင်းလာကြတဲ့ ကြယ်ပွင့် ကစားသမားတွေဟာလည်း လက်ရှိ ချဲလ်ဆီးရဲ့ အခြေအနေကို မယုံနိုင်ကြမှာ သေချာပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်ကတော့ မိုနာကိုကနေ ချဲလ်ဆီးကို ပေါင်သန်း ၃၀နဲ့ ပြောင်းလာတဲ့ ပြင်သစ် ယူ ၂၁ ကြယ်ပွင့် ခံစစ်မှူး ဘန်နွိုင်း ဘတ်ဒီယာရှီးလ်ဟာ ဒီရာသီ ချန်ပီယံလိဂ် ၁၆သင်း အဆင့်နဲ့ ကွာတားဖိုင်နယ် အဆင့်တွေ အတွက် အရွေးမခံခဲ့ရတာကို ဇဝေဇဝါ ဖြစ်နေနိုင်ကြောင်း သုံးသပ်ခဲ့ပါတယ် ။

BT Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ဖာဒီနန် က ” ရောက်လာတာ သိပ်မကြာသေးတဲ့ ကစားသမားသစ်တွေ အတွက် ချဲလ်ဆီး အသင်းက ပေးတဲ့ သတိပေး ခေါင်းလောင်းသံက ပိုမို ကျယ်လောင်လာပြီလို့ ကျွန်တော် ထင်ပါတယ် ။ ဒီကစားသမား အများစုဟာ ကိုယ်ဘယ်အခြေအနေမှာ ရောက်နေတယ် ဆိုတာ သိကြမှာ မဟုတ်ပါဘူး ။ ”

” အဲဒီထဲကမှ ကစားသမား အများအပြားဟာ လာမယ့် နွေရာသီမှာ အသင်းရဲ့ စံနှုန်းနဲ့ ကိုက်ညီကြတော့မှာ မဟုတ်ပါဘူး ။ ဥပမာ ဘတ်ဒီယာရှီးလ်ကိုပဲ ကြည့်ပါ ။ သူဆို ချန်ပီယံလိဂ် ကစားသမားစာရင်းထဲ ပါဝင်ခွင့် မရပဲ ၊ အိမ်မှာ ထိုင်နေခဲ့ရပါတယ် ။ ”

” သူသာဆို ‘ ငါ ချန်ပီယံလိဂ်မှာ ကစားနေရခဲ့သင့်တယ် ‘ လို့ စဉ်းစားနေပါလိမ့်မယ် ။ တချို့သော ပုံစံကောင်း မရနေတဲ့ ကစားသမားတွေကို ကြည့်ပြီး သူက ‘ နေပါဦး ၊ ဘာလို့ နည်းပြက ငါ့ကို ကျော်ပြီး တခြားသူတွေကို ရွေးထည့်သွားတာလဲ ‘ ဆိုပြီး စဉ်းစားနေနိုင်ပါတယ် ။ ”

” ဒီလို အခြေအနေမျိုးဟာ သူ့အပြင် အသင်းအတွင်း တခြားသော ကစားသမားတွေမှာလည်း ဖြစ်နေပါလိမ့်မယ် ။ ဒါက ကောင်းတဲ့ နေရာ တခုမှာ ရှိနေတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR