တူချယ် ဘိုင်ယန်နည်းပြသစ် ဖြစ်လာဖို့ သဘောတူညီမှု ရခဲ့တာနဲ့ ပတ်သက်ပြီး တုန့်ပြန် ဖြေကြားလာတဲ့ ကန်ဆယ်လို

ဘိုင်ယန်မြူးနစ် အသင်းဟာ မနေ့ကပဲ ၄င်းတို့ရဲ့ လက်ရှိ နည်းပြ ဂျူလီယန် နာဂယ်စ်မန်းကို ရာထူးက ထုတ်ပယ်ပြီး ၊ ဒေါ့မွန် ၊ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီး နည်းပြဟောင်း သောမတ်စ် တူချယ်ကို နည်းပြသစ် ရာထူး အဖြစ် တာဝန်ပေးဖို့ သဘောတူညီမှု ရထားကြောင်း နာမည်ကြီး အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို အပါအဝင် ဂျာမန် အခြေစိုက် မီဒီယာ အားလုံးက အတည်ပြုထားပါတယ် ။

ဒီသတင်းကို ကလပ်ဖက်က အတည်ပြုထားခြင်း မရှိပေမယ့် ၊ အသင်း အတွင်း အခြေအနေ ထောက်လှမ်းချက်တွေ အရ ဘိုင်ယန်ဖက်က နာဂယ်စ်မန်းကို ရာထူးက ထုတ်ပယ်ဖို့ ကြိုတင် အသိပေးထားခြင်း မရှိပေမယ့် ၊ ရာထူးက ထုတ်ပယ်ဖို့ meeting အတွက် ကြိုတင် ရက်ချိန်းမယ့် အကြောင်းကိုတော့ အတည်ပြုထားပါတယ် ။

ယင်းဂျာမန်သားဟာ ၂၀၂၆ ဇွန်လကုန်တဲ့အထိ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ကျန်သေးပေမယ့် ၊ ကလပ်ဖက်က ပြည်တွင်း ဘွန်ဒက်စ်လီဂါမှ ရလဒ် အတိမ်းအစောင်းတွေကြောင့် သော်လည်းကောင်း ၊ လက်ရှိမှာ သောမတ်စ် တူချယ် အသင်းလက်မဲ့ ဖြစ်နေခြင်းကြောင့် သော်လည်းကောင်း အခုလိုမျိုး နာဂယ်စ်မန်းကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ။

တူချယ်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ အစ ဒိုင်နမိုဇာဂရက်နဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ အပြီး ချဲလ်ဆီး နည်းပြ ရာထူးကနေ အံ့အားသင့်ဖွယ် အထုတ်ခံခဲ့ရပြီးနောက် ၊ အလုပ်လက်မဲ့ ဖြစ်လာတာ ၇လဝန်းကျင် ရှိလာခဲ့ပါတယ် ။ ထိုအတောအတွင်း ၄င်းဟာ အခြား ဥရောပ ထိပ်တန်း ကလပ် အချို့ရဲ့ ချဉ်းကပ်မှုကို ရခဲ့ပေမယ့် ၊ လိုချင်တဲ့ အလုပ်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့ပါတယ် ။

အခုအခါမှာတော့ တူချယ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ အတူ မိခင်ဂျာမန်မြေသို့ ၂နှစ်ခွဲစာချုပ် ချုပ်ကာ ပြန်လည်အခြေချတော့မှာ ဖြစ်ပါတယ် ။ ဘိုင်ယန်မြူးနစ်ဟာ လက်ရှိ ဖလား ၃လုံး လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် တူချယ် အနေနဲ့ ဒီ၃လုံးထဲက ပြည်တွင်းဖလား ၂လုံးတော့ သေချာပေါက် စွမ်းဆောင်ပေးဖို့ လိုလာနိုင်ပါတယ် ။

ပြီးခဲ့တဲ့ ဇန်နဝါရီ စျေးကွက်မှာ မန်စီးတီးကနေ ဘိုင်ယန်မြူးနစ်သို့ ၆လ အငှားနဲ့ ပြောင်းလာတဲ့ ပေါ်တူဂီ လက်ရွေးစင် နောက်ခံလူ ယာအို ကန်ဆယ်လိုက မနေ့က လစ်ခ်တင်စတိန်းနဲ့ ယူရို အုပ်စုအဖွင့် ခြေစွမ်းပွဲအပြီး အင်တာဗျူးမှာ နာဂယ်စ်မန်း ဘိုင်ယန်နည်းပြ ရာထူးက အထုတ်ခံရတဲ့ သတင်းနဲ့ တူချယ် ဘိုင်ယန်နည်းပြသစ် ဖြစ်လာတော့မယ့် သတင်းတွေ အပေါ် အခုလိုပဲ တုန့်ပြန်သွားပါတယ် ။

ကန်ဆယ်လို က ” ဒီအကြောင်း ကျွန်တော် သိတောင် မသိခဲ့ပါဘူး ။ အခု ခင်ဗျား ပြောမှ ကျွန်တော် သိတာပါ ။ မြူးနစ်ကို ပြန်ရောက်တဲ့အခါ ကျွန်တော် နာဂယ်စ်မန်းကို မြင်ရတော့မှာ မဟုတ်ပါဘူး ။ ကျွန်တော် သူ့ကို ကျေးဇူးတင်လိုပါတယ် ။ သူဟာ ကျွန်တော့ကို ဘိုင်ယန်မှာ အလိုရှိခဲ့တာပါ ။ ”

” ဒီသတင်းက ကျွန်တော့ကို အံ့သြစေပေမယ့် ၊ သူ့အတွက် ကမ္ဘာပေါ်က ကံကောင်းခြင်း အားလုံး ရစေဖို့ ကျွန်တော် ဆုတောင်းပေးပါတယ် ။ ကျွန်တော်ကတော့ နည်းပြသစ် လက်အောက် သူ့ရဲ့ နည်းစနစ် အသစ်တွေမှာ အံဝင်အောင် ဆက်လက် ကြိုးစားရပါမယ် ။ ”

 

” တူချယ်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ သူဟာ ကျွန်တော့ကို ချန်ပီယံလိဂ် ဖိုင်နယ် တပွဲ ရှုံးစေခဲ့တာကြောင့် ဒီနှစ်မှာ သူ ကျွန်တော့ အတွက် ချန်ပီယံလိဂ် ဖလား ယူပေးနိုင်ဖို့ မျှော်လင့်ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR