ချဲလ်ဆီးနဲ့ မရင်ဆိုင်မီ တပည့်ဟောင်း ဖြစ်သူထံ မက်ဆေ့ခ်ျ ပေးရင်း ၊ ချဲလ်ဆီးရဲ့ Summer Signing တခုကို အပြိုင်ခေါ်ဖို့ ကြိုးပမ်းခဲ့ဖူးကြောင်း ဝန်ခံလာတဲ့ ဒီဇာဘီ

ယနေ့ည Amex Stadium မှာ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲ မတိုင်မီ နောက်ဆုံး ပွဲကျန် တပွဲ ဖြစ်တဲ့ ဘရိုက်တန် – ချဲလ်ဆီး ပွဲကို ကျင်းပသွားဖို့ ရှိပါတယ် ။ အိမ်ရှင် ဘရိုက်တန်တို့ အတွက် ဒါဟာ ရမှတ် မလိုတော့တဲ့ ပွဲဖြစ်ပေမယ့် ၊ ဧည့်သည် ချဲလ်ဆီး အတွက်တော့ ယူရိုပါလိဂ် ဝင်ခွင့် အတွက် ၃မှတ် အပြည့် မဖြစ်မနေ စွမ်းဆောင်ဖို့ လိုနေပါတယ် ။

ဘရိုက်တန်နဲ့ ချဲလ်ဆီး အကြားမှာ ကစားသမား ဖလှယ်မှု တချို့ ရှိထားတာကြောင့် ၊ မိတ်ဆွေဟောင်းတွေ ပြန်တွေ့ကြမယ့် ပွဲလို့လည်း သတ်မှတ်ရမှာ ဖြစ်ပါတယ် ။ ဘရိုက်တန် နည်းပြ ရော်ဘတ်တို ဒီဇာဘီဟာ ရှက်တာဒိုးနက်စ်ကို ကိုင်တွယ်ခဲ့စဉ်က အတူ လက်တွဲ အလုပ်လုပ်ဖူးခဲ့တဲ့ ချဲလ်ဆီး တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်ကို ပြိုင်ဖက် အဖြစ် ထပ်မံ ရင်ဆိုင်ဖို့ ရှိပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဒီဇာဘီက မူဒရစ်နဲ့ ပတ်သက်ပြီး ” သူဟာ တိုးတက်လာနေပြီလို့ ထင်ပါတယ် ။ နိုင်ငံ အကူးအပြောင်း ၊ လိဂ်ခက်ခဲမှု အဆင့်အတန်း အပြောင်းအလဲကြောင့် ဒါဟာ သူ့အတွက် ခက်ခဲခဲ့ပါတယ် ။ ချဲလ်ဆီး အသင်း အတွင်း ပြိုင်ဆိုင်မှုကလည်း ရှက်တာတုန်းကထက် ပိုပြီး ပြင်းထန်ပါတယ် ။ ”

” ဒါပေမယ့် သူဟာ ပါးနပ်တဲ့ ချာတိတ် တဦး ဖြစ်ပြီး ၊ ဘောလုံးကို ချစ်မြတ်နိုးပါတယ် ။ ကလပ်နဲ့ ပိုချက်တီနိုရဲ့ စီမံခန့်ခွဲမှု ပုံစံက မှန်ကန်နေတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ အခုဆို သူ ကစားတာ အရမ်းကောင်းနေလို့ပါ ။ သူဟာ ပင်ကို အရည်အချင်း မြင့်မားတဲ့ ကစားသမား တယောက်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဒီဇာဘီ က မူဒရစ်ကို ပွဲအပြီးမှာ တွေ့ဆုံစကားပြောဖို့ ရှိမရှိနဲ့ ပတ်သက်ပြီးလည်း ” ဟုတ်ပါတယ် ။ အထူးသဖြင့် လူငယ် ကစားသမားတွေနဲ့ဆိုရင်ပေါ့ ။ လူငယ် ကစားသမားတွေမှ မဟုတ်ပါဘူး ။ ကျွန်တော်ဟာ ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ဖန်တီးနိုင်ပါတယ် ။ ”

” ကားလို့စ် ဘာလက်ဘာ ၊ ဟူလီယို အန်ဆီဆို ၊ ဖာကွန်ဒို ဘွမ်နာနော့တေတို့နဲ့ကျတော့ ဆက်ဆံရေးက ကွဲပြားပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့ဟာ အသက်ပိုကြီးတဲ့ ကစားသမားတွေထက် တခုခု လိုအပ်လို့ပါ ။ နောက်ပြီး ကျွန်တော့ရဲ့ ကစားသမားဟောင်းတွေနဲ့ ဆက်ဆံရေးကလည်း ဘာမှ မပြောင်းလဲသွားပါဘူး ။ ”

” ပွဲအတွင်းမှာတော့ ကျွန်တော်ဟာ ပြိုင်ဖက်တိုင်းကို အနိုင်ယူချင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ယူကရိန်းမှာ အတူတကွ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး ။ ကျွန်တော်ဟာ မစ်ခ်ဟိုင်းလိုရဲ့ ပထမဆုံးသော အမာခံ ပရိသတ် တယောက်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ဘရိုက်တန်ဟာ ဒီရာသီ ချဲလ်ဆီး အတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု အကြိမ်ရေ ၃၀ကျော်တဲ့အထိ စွမ်းဆောင်ပေးထားတဲ့ အင်္ဂလန် လက်ရွေးစင် ကြယ်ပွင့် ကိုးလ်ပါလ်မာကို ခေါ်ယူဖို့ အပြိုင် ကြိုးပမ်းခဲ့ဖူးကြောင်း ဒီဇာဘီက အခုလိုပဲ ဖွင့်ဟဝန်ခံလာပါတယ် ။

ဒီဇာဘီ က ” ပြီးခဲ့တဲ့ နွေရာသီတုန်းက သူ့ကို ကျွန်တော်တို့ ခေါ်ဖို့ ကြိုးစားခဲ့ပါသေးတယ် ။ သူဟာ ထိပ်တန်း ကစားသမား တယောက် ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ ယူဆခဲ့ပါတယ် ။ ပါလ်မာရဲ့ အရည်အသွေးတွေက ရှင်းပါတယ် ။ ဒီရာသီမှာ သူ ကစားတာ အတော်လေး ကောင်းနေပြီး ၊ ဂိုးတွေလည်း အများကြီး သွင်းထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR