ဒုတိယ ရာသီဝက်အတွင်း ချဲလ်ဆီး အတွက် အံ့သြဖွယ် စွမ်းဆောင်ပေးထားတဲ့ စတား တဦးကို ထုတ်နုတ် ချီးကျူးသွားတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ် ရာသီကို ယူရိုပါလိဂ်ဝင်ခွင့်နဲ့ ပိတ်သိမ်းနိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပြီး ၊ ယနေ့ညမှာ ရမှတ် မလိုအပ်တော့တဲ့ ဘရိုက်တန် အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ဖို့ ရှိပါတယ် ။

မော်ရစ်စီယို ပိုချက်တီနိုရဲ့ ချဲလ်ဆီးမှ ပထမဆုံး ရာသီဟာ ပရိသတ်တွေ မျှော်မှန်းထားသလို ၊ အားရဖို့ မကောင်းပေမယ့် ရှုံးထွက်ဖလား ၂ခုမှာ ဗိုလ်လုပွဲနဲ့ အကြို ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီး ၊ ယူရိုပါလိဂ် ဝင်ခွင့် တနေရာနဲ့သာ အဆုံးသတ်နိုင်ခဲ့မယ်ဆိုရင်တော့ မဆိုးလှတဲ့ ရာသီလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။

အထူးသဖြင့် ချဲလ်ဆီးဟာ ဒုတိယ ရာသီဝက်မှာ တိုးတက်မှု တစတစ ပြသနိုင်ခဲ့ပြီး ၊ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ နည်းစနစ် ပြောင်းလဲမှုတွေနဲ့ အတူ သိသာတဲ့ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တဦးက ချဲလ်ဆီးဟာ ဒီဇင်ဘာ နောက်ဆုံးအပတ် နှောင်းပိုင်း ပရီးမီးယားလိဂ်မှာ မန်စီးတီး ၊ အာဆင်နယ်နဲ့ လီဗာပူး ပြီးရင် ရမှတ် အများဆုံး စွမ်းဆောင်နိုင်ခဲ့ကြောင်း ထောက်ပြခဲ့ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက ဝမ်းမြောက်ဝမ်းသာ တုန့်ပြန်ရင်း ၊ ဒုတိယ ရာသီဝက်မှာ အထူး အရေးပါခဲ့တဲ့ ဆားဘီးယား ကြယ်ပွင့် ဂိုးသမား ဂျော်ဂျီ ပက်ထရိုဗစ်ကိုလည်း အခုလိုပဲ ထုတ်နုတ်ချီးကျူးသွားပါတယ် ။

ပိုချက်တီနို က ” ဟုတ်ပါတယ် ။ စိတ်လှုပ်ရှားစရာပါပဲ ။ ကျွန်တော်တို့မှာ တိုးတက်လာတဲ့ ကစားသမားတွေ ရှိပါတယ် ။ သူတို့ဟာ ပိုပြီး ရင့်ကျက်လာကြပါပြီ ။ ဒါဟာ သူတို့ အတွက် ပရီးမီးယားလိဂ်မှာ ပထမဆုံး ဘောလုံးရာသီ ဖြတ်သန်းရတဲ့ အတွေ့အကြုံပါပဲ ။ ”

” ဟုတ်ပါတယ် ။ ကျွန်တော်တို့ ဂိုးတွေ အများကြီး ပေးခဲ့ရပါတယ် ။ ဘာလို့လဲ ? ဒါဟာ တရာသီမှ အတူတူ တွဲဖက်ကစားခြင်း ခံစစ်ကြောင်းကြောင့်ပါ ။ နောက်တော့ မေဂျာလိဂ်က ရောက်လာတဲ့ ဂိုးသမားက အံ့သြဖွယ် စွမ်းဆောင်ပြခဲ့ပါတယ် ။ အခုဆို သူဟာ တဖြည်းဖြည်း တိုးတက်လာပါပြီ ။ ”

” သူဟာ အခက်ခဲဆုံး ပြိုင်ပွဲ ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်နေရတဲ့ ကစားသမား တယောက်ရဲ့ ခံစားချက်တွေကို ရှာတွေ့နေပါပြီ ။ ခင်ဗျားတို့နဲ့ ပရိသတ်တွေကို ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောချင်ပါတယ် ။ ချဲလ်ဆီးရဲ့ သမိုင်းကြောင်းနဲ့ နှိုင်းယှဉ်လိုက်ရင် အခု အနေအထားက ( တောင်းဆိုမှု ) အရမ်း များလွန်ပါတယ် ။ ”

” ခုခေတ်မှာ ဒါက မဖြစ်နိုင်ပါဘူး ။ ဒါက အမှန်တရားပါပဲ ။ ဒါပေမယ့် အချိန်ကြာလာရင်တော့ ကျွန်တော်တို့ဟာ ချဲလ်ဆီးရဲ့ သမိုင်းကြောင်းကို ယှဉ်နိုင်တဲ့ အောင်မြင်မှုတွေ စွမ်းဆောင်လာနိုင်ပါလိမ့်မယ် ဆိုတာ သေချာပါတယ် ။ ဒါက ကျွန်တော့ရဲ့ တောင်းဆုပါ ။ ဒီအတွက် ကျွန်တော်တို့ ကြိုးစားနေကြပါတယ် ။ ”

” တခါတလေမှာ ပရိသတ်တွေဟာ ကျွန်တော်တို့ ဘာတွေလုပ်နေလဲ ဆိုတာ မြင်ချင်မှ မြင်နိုင်ပါလိမ့်မယ် ။ ဒါပေမယ့် လက်ရှိ အခိုက်အတန့်က ခက်ခဲသည့်တိုင် ကျွန်တော်တို့ဟာ အံ့သြဖွယ် စွမ်းဆောင်ပေးထားတယ်လို့ ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ အခုလို ဆိုးရွားတဲ့ အခြေအနေတွေမှာတောင် ကျွန်တော်တို့ဟာ စိတ်အေးအေးနဲ့ ရှေ့ဆက် တွန်းအားပေးပြီး ၊ ကိုယ်ယုံကြည်တဲ့ အရာတွေ အပေါ်မှာ တစိုက်မတ်မတ် လုပ်ဆောင်နေလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR