ချဲလ်ဆီးကို သူ ဒုက္ခပေးသလို ဖြစ်နေခဲ့ကြောင်း စိတ်မကောင်းစွာ ဖွင့်ဟဝန်ခံလာတဲ့ အန်ဇို

 

ချဲလ်ဆီး အသင်းရဲ့ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ဟာ ဧပြီ နှောင်းပိုင်းမှာ သူ ကာလရှည်ကြာ ခံစားနေခဲ့ရတဲ့ အူကျဝေဒနာ အတွက် ခွဲစိတ်မှု ခံယူခဲ့တာကြောင့် ရာသီကုန်တဲ့ အထိ လွဲချော်သွားပေမယ့် ၊ ဒါဟာ နောက်ရာသီ သူ့ရဲ့ ပွဲကစားခွင့်နဲ့ အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် သိသိသာသာ အထောက်အကူ ပေးစေနိုင်ပါတယ် ။

အသက် ၂၃နှစ် အရွယ်ရှိ အန်ဇိုဟာ ကိုပါအမေရိက ပြိုင်ပွဲ အမှီ ခွဲစိတ်မှုမှ ပြန်ကောင်းလာဖို့ မျှော်မှန်းရသလို ၊ ချဲလ်ဆီးရဲ့ ရာသီကြို ခရီးစဉ်မှာလည်း ပူးပေါင်းပါဝင်လာဖို့ ရှိပါတယ် ။ ဒီရာသီမှာ အန်ဇိုဟာ တနိုင်ငံတည်းသား နည်းပြ မော်ရစ်စီယို ပိုချက်တီနို လက်ထက် ချဲလ်ဆီးရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ပွဲတွေ တောက်လျှောက် ကစားခွင့် ရခဲ့ပေမယ့် ၊ ယင်းအူကျဝေဒနာကြောင့် ခြေစွမ်း မပေါ်ခဲ့တာတွေက များခဲ့ပါတယ် ။

DSports သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အန်ဇိုက သူ ခြင်္သေ့ပြာတို့ထံ စရောက်ရောက်ချင်း အနေအထားနဲ့ လက်ရှိ ချဲလ်ဆီး အသင်းရဲ့ အနေအထား အကြား ဘာတွေ ကွာခြားသွားသလဲ ဆိုတာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

အန်ဇို က ” ကျွန်တော် ချဲလ်ဆီးကို စရောက်ခဲ့တုန်းက တကယ် သောင်းပြောင်းထွေလာ ဖြစ်ခဲ့ပါတယ် ။ ကစားသမားတွေကလည်း အများကြီး ဖြစ်နေခဲ့ပါတယ် ။ မော်ရစ်စီယိုဟာ အသင်းကို ဦးဆောင်ပေးခဲ့ပြီး ၊ အသင်း အတွက် ပင်ကိုဟန် တခု ယူဆောင်ပေးဖို့လည်း ကြိုးပမ်းခဲ့ပါတယ် ။ ”

” လုပ်အားနှုန်းက မတူတော့ပါဘူး ။ သူဟာ အရာရာ ပြောင်းလဲပစ်လိုက်ပြီး ၊ အမှန်အတိုင်း ပြောရရင် ဒါက အပေါင်းလက္ဓဏာ ဆောင်ပါတယ် ။ အသင်းက ပိုပြီး အလေးအနက် ရှိလာသလို ၊ ပိုပြီး ပြင်းပြင်းထန်ထန် ကြိုးစားလာပါတယ် ။ ဒါဟာ နေ့စဉ် ဖြတ်သန်းတဲ့ နေရာမှာ အရေးကြီးပါတယ် ။ ”

” ပွဲကစားမယ့်နေ့ကို ရောက်လာတဲ့အခါ ကွဲပြားခြားနားမှုကို ခင်ဗျား မြင်တွေ့ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ပွဲဆက် အနိုင်ရခဲ့ပြီးနောက် လာမယ့် ရာသီ အတွက် ယူရိုပါလိဂ် ဝင်ခွင့် တနေရာ ရရှိဖို့ အကောင်းဆုံး အနေအထားသို့ ပြန်ရောက်လာပါတယ် ။

အထူးသဖြင့် အန်ဇို တယောက် ခွဲစိတ်မှု ခံယူဖို့ ဆုံးဖြတ်ပြီး နောက်ပိုင်း ပိုချက်တီနိုဟာ နည်းစနစ် အပြောင်းအလဲ လုပ်ပစ်ခဲ့ပြီး ၊ ဒါက အသင်းရဲ့ ခြေစွမ်းကို သိသိသာသာ တိုးတက်လာစေခဲ့ပါတယ် ။ အန်ဇို ကိုယ်တိုင်က ဒါကို မကွယ်မဝှက်ပဲ အခုလိုပဲ ဖွင့်ဟဝန်ခံခဲ့ပါတယ် ။

အန်ဇို က ” ကျွန်တော်ဟာ ၈လဆက် နာကျင်မှုတွေ ခံစားခဲ့ရပြီး ၊ ထိုးဆေးတွေနဲ့ ဘောလုံး ကစားနေခဲ့ရတာပါ ။ ဒီခွဲစိတ်မှုကို ခံယူဖို့ ကျွန်တော် ဆုံးဖြတ်ချက် ချခဲ့ရပါတယ် ။ ဒါက အကောင်းဆုံး ဖြစ်ခဲ့ပါတယ် ။ ကျွန်တော်ဟာ အသင်းကို ဒုက္ခပေးနေခဲ့ပြီး ကိုယ့်ကိုယ်ကိုလည်း ဒါကို ထုတ်မပြောချင်ခဲ့ပါဘူး ။ ”

” အခုတော့ ကျွန်တော် အဆင်ပြေနေပါပြီ ။ ပရိသတ်တွေ စိတ်အေးနိုင်ပါပြီ ။ တနေ့ပြီး တနေ့ ကျွန်တော် ပိုကောင်းလာပါတယ် ။ ကိုပါအမေရိက အမှီ အရောက်လှမ်းနိုင်ဖို့ ကျွန်တော် စိတ်ဆန္ဒ ပြင်းပြနေပါတယ် ။ ကွင်းတွင်း ထရိန်နင်တောင် ကျွန်တော် ဆင်းနေပါပြီ ။ ”

” ဒဏ်ရာက နာလန်ထူလာတာက အတော်လေး ခရီးရောက်နေပါပြီ ။ အသင်းလိုက် ထရိန်နင်နဲ့ လက်ရွေးစင် အသင်းမှာ အမြန်ဆုံး ပူးပေါင်းနိုင်ဖို့ ကျွန်တော် မျှော်လင့််မိပါတယ် ။ ဒီကိုပါအမေရိက အတွက် ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေပြီး ၊ ဒါက ကျွန်တော် ကိုယ်တိုင် ပထမဆုံး အကြိမ် ပါဝင်ဆင်နွှဲခွင့် ရခြင်း ဖြစ်လာပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR