အာဆင်နယ် ချန်ပီယံ မဖြစ်အောင် မန်စီးတီး အသင်းကို အရှုံး ပေးလိမ့်မယ်ဆိုတဲ့ ပြောကြားမှုတွေ အပေါ် တုန့်ပြန်လိုက်တဲ့ စပါး နည်းပြ

 

ဒီတစ်ပတ် ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲကျန် အဖြစ် တော့တင်ဟမ် နှင့် မန်စီးတီး အသင်း ကစားဖို့ ရှိနေပြီး ၊ အဆိုပါ ပွဲဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အရေးပါတဲ့ ပွဲလည်း ဖြစ်ပါတယ် ။ မန်စီးတီး အသင်း အနေနဲ့ တော့တင်ဟမ် နဲ့ ပွဲမှာသာ အနိုင်ရရင် ထိပ်ဆုံးကို ပြန်ရောက်ပြီး လေးနှစ်ဆက် ချန်ပီယံ အိပ်မက်အတွက် အခြေအနေ ကောင်းသွားမှာပါ ။

တော့တင်ဟမ် အသင်းအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ရေးရေးလေး အတွက် လက်ကျန် ၂ ပွဲစလုံးကို အနိုင် ကစားဖို့ လိုအပ်သလို ပြိုင်ဘက် အက်စတန်ဗီလာ အသင်း အရေးနိမ့် ဖို့လည်း လိုအပ် နေတာ ဖြစ်ပါတယ်။ တော့တင်ဟမ် အသင်း မန်စီးတီး နဲ့ ပွဲမှာသာ ရလဒ် ကောင်းသွားပါက ချန်ပီယံဆုအတွက် ခါးသီး ပြိုင်ဘက် အာဆင်နယ် အသင်း က အခြေအနေကောင်းသွားမှာပါ ။

တော့တင်ဟမ် အသင်း ပရိသတ် တချို့ကတော့ အာဆင်နယ် အသင်း ချန်ပီယံ မဖြစ်အောင် မန်စီးတီး နဲ့ ပွဲမှာ ရှုံးပွဲ ကြုံတွေ့ စေချင်နေကြတာမျိုးလည်း ရှိပါတယ် ။ တော့တင်ဟမ် နည်းပြ ပိုစတီကိုဂလူး ကတော့ ” ဆိုရှယ် မီဒီယာမှာ ကြည့်ရင်တော့ ၉၉ ရာခိုင်နှုန်းလောက်က စပါးကို ရှုံးစေ နေချင်ကြတာကို တွေ့ရမှာပါ ၊ ဒါပေမဲ့ ဆိုရှယ် မီဒီယာ က ခင်ဗျားရဲ့ကမ္ဘာကြီးလို့တော့ မပြောနဲ့နော် ၊ အဲ့ဒီလို ဖြစ်နေပြီဆိုရင်တော့ ခင်ဗျား ဆွေးနွေး အကြံယူဖို့ လိုအပ်နေပါပြီ ။ ”

” ပြိုင်ဘက် အသင်းတွေကြား ပြိုင်ဆိုင်မှု ရှိတာကို ကျနော် နားလည်ပါတယ် ။ ဒါပေမဲ့ ကိုယ်အသင်းကိုယ် ရှုံးစေချင်ကြတဲ့ အပေါ် ကျနော် နားမလည် နိုင်ပါဘူး ၊ ခင်ဗျားတို့ အနေနဲ့ ကျနော်တို့ အသင်း ပရိသတ် အများစုက ဒီပွဲကို ရှုံးစေချင်ကြတယ်လို့ ထင်နေကြတယ်မလား ၊ ကျနော်ကတော့ အဲ့ဒီလို မထင်ပါဘူး ၊ ပရိသတ်တွေ အနေနဲ့ သူတို့ ဖန်တီး ပုံဖော်နေကြတဲ့ ကွင်းအငွေ့အသက်ကိုပဲ ဖန်တီး ကြပါလိမ့်မယ် ။ ကျနော်တို့ အတွက် အနိုင် ကစားဖို့ လိုအပ်နေတဲ့ ပွဲပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM