အာဆင်နယ် အသင်း ကြယ်ပွင့်ကို တစ်နှစ်တာ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်လိုက်တဲ့ ဂယ်ရီနဗီးလ်

 

မန်ချက်စ‌တာ ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် က အာဆင်နယ် အသင်း ရဲ့ အသင်း ခေါင်းဆောင် မာတင် အော်ဒီဂတ် ကို သူ့ရဲ့ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ် သွားခဲ့ပါတယ် ။

အော်ဒီဂတ် ဟာ ဒီရာသီမှာ အာဆင်နယ် အသင်း အတွက် စွမ်းဆောင်ရည်ကောင်းတွေကို ပြသ နေသူ ဖြစ်ပြီး ပရီးမီးယားလိဂ် ၃၄ ပွဲ ကစား ၊ ၈ ဂိုး သွင်း ၊ ၈ ဂိုး ဖန်တီး ပေးထားကာ ဂန်းနားတို့ ချန်ပီယံဆု အတွက် တိုက်ပွဲ ဝင်နေရာမှာ အသင်းကို အကောင်းဆုံး ဦးဆောင် ထား နိုင်သူ ဖြစ်ပါတယ် ။

ဂယ်ရီ နဗီးလ် က Sky Sports နဲ့ ကာရေဂါ နဲ့ အတူ ပရီးမီးယားလိဂ် ရဲ့ဒီရာသီ အကောင်းဆုံးတွေ နဲ့ ရွေးချယ်ရာမှာ ” တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် ဘယ်သူ့ကို ‌ရွေးမလဲ ဆိုတာ နှစ်ခါတောင် စဉ်းစား စရာ မလိုပါဘူး ။ အာဆင်နယ် ပွဲ ကြည့်ဖြစ်တဲ့ အခါတိုင်းမှာ သူ(အော်ဒီဂတ်) ကစားတာကို ကြည့်ရတာ တကယ့်ကို လှပ လွန်းပါတယ် ၊ သူ့ကြောင့် အာဆင်နယ် က အားလုံး အချိတ်အဆက် မိမိ ဖြစ်နေခဲ့တာပါ ၊ ကျနော် ရိုက်စ် ကို ချစ်ပါတယ် ၊ ဖိုဒန် ကိုလည်း ချစ်ပါတယ် ၊ ဒါပေမဲ့ သူကတော့ ကျနော့်အတွက် မယုံကြည်လောက်အောင် ကောင်းတဲ့ အံ့ဖွယ် ကစားသမားပါပဲ ။ ”

” ဒီရာသီ လိဂ် ပြိုင်ပွဲထဲ အကောင်းဆုံး ကစားသမားလို့ကို မြင်ပါတယ် ။ ဘောလုံး ကို ခန္ဓာကိုယ် တစ်ဝက်လှည့်ပီး လက်ခံတယ် ၊ ပီးရင် ကျော်ဖြတ်တယ် ၊ မှန်ကန် တိကျတဲ့ ပေးပို့မှုတွေ ပြုလုပ်တယ် ၊ သူသာ အဂွေးရိုလို ခပ်မြန်မြန် ပြေးထွက် ကစားနိုင်တဲ့သူ နဲ့သာ တွဲကစားရရင် ဘယ်လောက်တောင် မိုက်မလဲ စဉ်းစားသာကြည့်တော့ဗျာ ၊ သူ ဖန်တီး ပေးတဲ့ အခွင့်အရေး က မယုံနိုင်လောက်အောင် ကို များတာပါ ၊ သူ့ရဲ့ အကောင်းဆုံး ဘောလုံး ရာသီပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM