မျှတမှုမရှိတဲ့ ဆက်ဆံရေး တစ်ခုအတွက် တန်ဟတ် အပေါ် ပေါက်ကွဲလိုက်တဲ့ ဖာဒီနန်

 

ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က ယူနိုက်တက် ကွင်းလယ်လူ ကာစီမီရို အပေါ် နည်းပြ တန်ဟတ် ရဲ့ ဆက်ဆံပုံ ၊ ဗဟို ခံစစ် နေရာမှာ ထားကစားစေမှုအပေါ် အပြစ်တင် ပေါက်ကွဲသွားခဲ့လိုက်ပါတယ် ။

ကာစီမီရို ဟာ မနေ့က အာဆင်နယ် အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဥ်မှာ ဗဟို ခံစစ်မှူး အဖြစ် ထပ်မံ ပါဝင် ကစားပေးခဲ့ရပြီး အမှား ကျူးလွန်ခဲ့တဲ့အတွက် ယူနိုက်တက်တို့ 0-1 နဲ့ ရှုံးနိမ့်သွားခဲ့ရတာပဲ ဖြစ်ပါတယ် ။

ကာစီမီရို ဟာ ဒီပွဲမှာတင် မဟုတ်ပါဘူး ၊ မာတီနက်ဇ် ၊ မဂွားယား ၊ ဗာရန်း ၊ လင်ဒီလော့ဖ် တို့ ဒဏ်ရာကြောင့် မပါဝင််နိုင်ခဲ့တဲ့ ပွဲစဥ်တိုင်းမှာ ဒီနေရာကို ဖြည့်စွက် ကစားပေးခဲ့ရပြီး အဆင်မပြေ ဖြစ်ခဲ့ရပါတယ် ။

အခုတော့ ဖာဒီနန် က ပုံမှန်မဟုတ်တဲ့ နေရာ တစ်ခုမှာ အမြဲလို ရုန်းကန်နေခဲ့ရတတ်တဲ့ ကစားသမားကို အခုလို သုံးနေခဲ့တဲ့ အဲရစ် တန်ဟတ် အပေါ် မျှတမှု မရှိဘူးလို့ ပြောရင်း ပေါက်ကွဲသွားခဲ့လိုက်ပါတယ် ။

” သူ ဘယ်တော့မှ ကာစီမီရို ကို ဒီနေရာကနေ ဖယ်ထုတ်သွားမှာလဲ? ဘာလို့ အဲ့ဒီ နေရာမှာ ဆိုဖီယံ အမရာဘတ် ၊ စကော့ မက် တော်မီနေး တို့ကို ပွဲထုတ် မကစားစေခဲ့တာလဲ ? ဒါက မျှတတယ်လို့ ကျွန်တော် မထင်ဘူး ”

” အဲ့ဒီနေရာမှာ တခါမှ မကစားခဲ့ဖူးတဲ့ ကစားသမား တစ်ဦးက အဲ့ဒီမှာ ကစားပြီး အမှား အချို့ကို ကျူးလွန်နေခဲ့ရင် အဲ့ဒီလူဟာ ဘယ်လောက်ပဲ အတွေ့အကြုံ ကြွယ်ဝတဲ့သူ ဖြစ်ပါစေ ၊ ကျွန်တော် ထပ်ကစားစေမှာ မဟုတ်ဘူး ”

” လုပ်စမ်းပါ ၊ သူ့ကို အဲ့ဒီနေရာကနေ ဖယ်ထုတ်လိုက်ပြီး သူ ကစားတတ်တဲ့ နေရာကို ပြန်ရွှေ့လိုက်စမ်းပါ ။ ပြီးရင် ဝမ် ဘစ်ဆာကာကို အဲ့ဒီ နေရာမှာ ကစားခိုင်းလိုက်ပါ ။ ဒါမှမဟုတ်ရင် အမရာဘတ် ကို ကစားခိုင်းစမ်းပါ ”

” ဒါက ကျွန်တော့်အတွက် ပိုပြီး သဘာဝကျသလို ခံစားရပါတယ် ။ ဘစ်ဆာကာ က ခံစစ်မှူးအဖြစ် ကစားပေးပြီး အမရာဘတ် ခံစစ် အစွန်လူအဖြစ်နဲ့ ကစားတာမျိုးပေါ့ ။ ပွဲအချို့မှာ သူတို့ကို ဒီနေရာ သုံးဖူးပြီးသားပဲလေ ”

” အခုက နည်းပြမပါတဲ့ အသင်းလို ဖြစ်နေပါပြီ ။ ကွင်းထဲ ဖန်တီးပေးနိုင်သူ ကင်းမဲ့နေပါပြီ ။ ဆုံးဖြတ်ချက် ချပေးနိုင်သူ ၊ အရည်အသွေးတွေ ဖြန့်ကျက်ပေးနိုင်သူ ရှိမနေပါဘူး ” လို့ ဖာဒီနန် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#SM