လာမယ့် နွေရာသီမှာ နေရာ ၂နေရာကို ဖြည့်တင်းမှု မလုပ်နိုင်ရင် ခြေမမှန်တဲ့ ပြဿနာမျိုး ထပ်ကြုံရဦးမယ်လို့ ချဲလ်ဆီးထံ သတိပေးသွားတဲ့ အိုဝင် ဟားဂရေ့ဗ်စ်

 

ချဲလ်ဆီး အသင်းဟာ လာမယ့် နွေရာသီ စျေးကွက် အတွင်း ဘဏ္ဍာရေး စည်းမျဉ်းသစ်နဲ့ အညီ ကစားသမားသစ် တချို့သာ ခေါ်ယူရမှာ ဖြစ်လို့ ၊ အမေရိကန် ပိုင်ရှင်တွေရဲ့ လက်ထက် ၂နှစ် အတွင်း စိတ်ကြိုက် ငွေသုံးသလိုမျိုး လာမယ့် ရာသီမှာ လုပ်ဆောင်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး ။

ချဲလ်ဆီး အတွက်လည်း လက်ရှိ အနေအထားမှာ ကစားသမား အင်အားအရ အတော်လေး တောင့်တင်းမှု ရှိထားပြီးသား ဖြစ်လို့ ၊ နောက်ရာသီမှာ ဥရောပ ပြိုင်ပွဲ ကစားဖို့ တာစူနေတဲ့ အနေအထား တရပ်မှာ ကမ္ဘာ့အဆင့် ကစားသမား ၁ဦး ၊ ၂ဦးလောက်ပဲ ထပ်မံ ဖြည့်တင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ် ။

အထောင်တိုက်စစ်မှူး ရှာပုံတော်ကတော့ ခြင်္သေ့ပြာတို့ ထုံးစံအတိုင်း ဆက်ဖွင့်နေဦးမှာ ဖြစ်ပြီး ၊ ရာသီအကုန်မှာ ထွက်ခွာတော့မယ့် ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား နေရာအတွက် ဖြည့်တင်းမှု အသစ် ပြုလုပ်လာမလား ဆိုတာလည်း စောင့်ကြည့်ရဖို့ ရှိပါတယ် ။

မန်ယူနိုက်တက်နဲ့ မန်စီးတီး ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေ့ဗ်စ်ကတော့ ချဲလ်ဆီးမှာ အံ့သြဖွယ် ကြယ်ပွင့်တွေ ရှိထားပြီးသား ဖြစ်တာကြောင့် အထောင်တိုက်စစ်နဲ့ ဂိုးသမား နေရာ အတွက်သာ သေသေချာချာ ရွေးချယ်ခေါ်ယူမှု လုပ်နိုင်ဖို့ လိုကြောင်းနဲ့ ဒါကို မလုပ်ဆောင်နိုင်ရင် ခြင်္သေ့ပြာတို့ နောက်ရာသီမှာလည်း ခြေမငြိမ်မှုနဲ့ ရင်ဆိုင်ရဦးမယ့် အကြောင်း အခုလိုပဲ သတိပေးသွားပါတယ် ။

Premier League Production နဲ့ တွေ့ဆုံရာမှာ ဟားဂရေ့ဗ်စ် က ” ရိစ်ဂျိမ်းစ် ပြန်လာလို့ သူတို့ တော်တော်လေး ပျော်ရွှင်နေကြမှာပါ ။ သူဟာ တကယ် အရည်အချင်းပြည့်တဲ့ ကစားသမား တယောက် ဖြစ်ပြီး ၊ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ညာနောက်ခံလူ တယောက် ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် သူတို့ဟာ သူ့ကို ကြံ့ခိုင်မှု ပြည့်နေအောင် ထားဖို့ နည်းလမ်း တခု ရှာဖွေရပါလ်ိမ့်မယ် ။ ”

” သူတို့မှာ တချို့သော အံ့သြဖွယ် လူငယ် ကြယ်ပွင့်တွေ ရှိထားပြီးသားပါ ။ လာမယ် နွေရာသ်ီမှာ သူတို့သာ တိုက်စစ်မှူးနဲ့ ဂိုးသမား နေရာကိုသာ အားဖြည့် ဖြေရှင်းနိုင်မယ်ဆိုရင် နောက်ရာသီ ချဲလ်ဆီးတို့ ဘာလုပ်ပြမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းလာပါလိမ့်မယ် ။ ”

” ငွေတွေ လျှောက်မသုံးပစ်ပါနဲ့ ။ ဂိုးသမားနဲ့ တိုက်စစ်မှူး တယောက်စီပဲ ထပ်ခေါ်ပါ ။ ဦးဆောင်မှု ပေးနိုင်သူ တချို့ကို ကိုယ့်အသင်းမှာ ရှာဖွေပါ ။ သူတို့ဟာ အသက်အရွယ်အရ အားလုံးနီးနီး သိပ်မကွာကြပါဘူး ။ ဒါက ကောင်းတဲ့ အရာ တခုလို့ ကျွန်တော် မထင်ပါဘူး ။ ”

” ခင်ဗျားရဲ့ အသင်းက အသက် ငယ်ရွယ်နေပြီး ၊ ရုန်းကန်နေရမယ်ဆိုရင် ခင်ဗျားဟာ လမ်းညွှန် ဦးဆောင်မှု ပေးမယ့်သူတွေ လိုလာပါမယ် ။ သူတို့မှာ သီယာဂို ဆေးလ်ဗား အပြင် တခြား ခေါင်းဆောင် တယောက်မှ ရှိနေတယ်လို့ ကျွန်တော် မထင်ပါဘူး ။ ”

LONDON, ENGLAND – FEBRUARY 25: Chelsea Owner Todd Boehly & Director Behdad Eghbali look on prior to the Carabao Cup Final match between Chelsea and Liverpool at Wembley Stadium on February 25, 2024 in London, England. (Photo by Chris Brunskill/Fantasista/Getty Images)

” အခုတော့ သူတို့ဟာ ပုံစံကောင်း တရပ်မှာ ရှိနေပါတယ် ။ ဒါက ကောင်းပါတယ် ။ ဒါပေမယ့် သူတို့သာ ခုနက ပြောခဲ့တဲ့ သော့ချက် နေရာတွေကို မဖြည့်တင်းနိုင်ဘူးဆိုရင် နောက်ရာသီမှာလည်း ခန့်မှန်းရခက်တဲ့ အနေအထားမျိုး ထပ်ကြုံရနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR