ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှ ချဲလ်ဆီး စတား တဦးရဲ့ လုပ်ရပ် အပေါ် တော့ဒ်ဘိုလီ တယောက် ဒေါကန်နေလိမ့်မယ်လို့ သုံးသပ်သွားတဲ့ ရှနိုက်ဒါ

ချဲလ်ဆီး အသင်းဟာ တမြန်နေ့ညက ကစားခဲ့တဲ့ ၄င်းတို့ရဲ့ ဘောလုံးရာသီကို အဆုံးအဖြတ် ပေးခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာလည်း အခွင့်အရေးတွေ ရလျက်သားနဲ့ စောစောစီးစီး အဆုံးမသတ်နိုင်ခဲ့တာကြောင့် ထပ်ရှုံးခဲ့ကာ ၊ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ် ။

ထိုပွဲမှာ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်အားကို ယှဉ်နိုင်ဖို့ ကွင်းလယ်လူ ၄ဦး အထိ အသုံးပြုသွားခဲ့ပြီး ၊ ထိုအထဲမှာ ရောက်ကတည်းက ပွဲတိုင်း ပွဲထွက်ခွင့် ရထားတဲ့ အာဂျင်တီးနား လက်ရွေးစင် ကမ္ဘာ့ဖလား ချန်ပီယံဆုရ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

အန်ဇိုဟာ ထိုပွဲမှာ ခြေစွမ်း အရမ်း မညံ့ဖျင်းခဲ့ပေမယ့် ၊ ကြိုးစားအားထုတ်မှု အရ သာမန် အဆင့်သာ ရှိနေခဲ့ပြီး ၊ ရီးရဲလ်မက်ဒရစ်က ဦးဆောင်ဂိုး တဂိုး စသွင်းခဲ့ပြီးနောက်မှာ လူစားလဲခံခဲ့ရပါတယ် ။ ၄င်းရဲ့ တည်ကန်ဘောတွေက လိုချင်တဲ့ နေရာတွေဆီ လုံးဝ မရောက်ခဲ့ပဲ ၊ အလေအလွင့် ဖြစ်ခဲ့တာ များပါတယ် ။

ရီးရဲလ်မက်ဒရစ်နဲ့ အင်တာမီလန် ကွင်းလယ်လူဟောင်း ဝက်စ်လေ ရှနိုက်ဒါက ထိုပွဲရဲ့ အခိုက်အတန့် တရပ်မှာ လမ်းလျှောက်နေခဲ့တဲ့ အန်ဇို ဖာနန်ဒက်ဇ်ကို သူ့ထက် လုပ်အား ပိုစိုက်ထုတ်ခဲ့တဲ့ ကော်နာ ဂေါ်လဂါနဲ့ ခိုင်းနှိုင်းဝေဖန်ရင်း ၊ ၄င်းကို သန်း၁၀၀ ပေးပြီး ဝယ်ထားရတဲ့ တော့ဒ်ဘိုလီဖက်ကလည်း စာနာပေးနိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ် ။

ရှနိုက်ဒါ က ” ခင်ဗျားဟာ ကစားသမား တယောက်ကို ယူရိုသန်း ၁၀၀ ပေးပြီး ဝယ်ထားရင် ၊ ခင်ဗျားဟာ သူ့ဆီကနေ အနည်းဆုံးတော့ အဆုတ် အမောဆို့အောင် ပြေးလွှား ကစားပေးနိုင်လိမ့်မယ်လို့တော့ ခင်ဗျား မျှော်မှန်းနိုင်မယ် မဟုတ်လား ? ဒါပေမယ့် သူ လမ်းလျှောက်နေခဲ့ပါတယ် ။ ”

” သူ့ခြေထဲက ဘောလုံးတောင် သူ မထိန်းနိုင်တော့ပါဘူး ။ အဲဒီနောက် သူ တယောက်တည်း ညည်းတွားနေခဲ့ပါတယ် ။ ခင်ဗျား ယူရိုသန်း ၁၀၀တန် အန်ဇိုကို ကြည့်တဲ့အခါ ဂေါ်လဂါကတောင် သူ့ကို ကျော်သွားတာကို တွေ့ရပါလိမ့်မယ် ။ ဒါမျိုး လက်ပိုက်ကြည့်နေလို့ မဖြစ်ပါဘူး ။ ထုတ်ပြောရပါမယ် ။ ”

” ခင်ဗျား ဒီချာတိတ်ကို ကြည့်ပြီး စဉ်းစားမိတဲ့အခါ ၊ ဒီကောင်လေးက အသင်းရဲ့ ဘယ်အစိတ်အပိုင်းကိုများ အပိုင်စီးရထားလို့လဲ ? သူ ဘာတခုမှ မပိုင်ပါဘူး ။ ကျွန်တော်သာဆို သူ့ကို နောက်နေ့ ဖုန်းဆက် ကြိမ်းပါပြီ ။ နောက်ပြီး သူဟာ ကြီးကျယ်တဲ့ ဘောလုံးသမား တယောက်တောင် မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ ”

” ခင်ဗျားတို့က သူဟာ ကမ္ဘာ့ဖလားမှာ လီယွန်နယ် မက်ဆီကို ကူညီပေးခဲ့တယ်လို့ ပြောကြပါတယ် ။ ဒီတော့ သူဟာ ချဲလ်ဆီးကိုလည်း အဲဒီအတိုင်း ကူပေးမယ်လို့ ကျွန်တော် ထင်ခဲ့တာပေါ့ ။ ဒါပေမယ့် သူ မလုပ်ပေးထားနိုင်ပါဘူး ။ ဘောလုံးမှာ အရာ တချို့က ခင်ဗျား ထင်ထားသလို ဖြစ်မလာရင် ၊ တိုက်စစ်ကလည်း ဂိုးမသွင်းနိုင်ရင် အနည်းဆုံးတော့ ဂိုးမပေးရအောင် ခင်ဗျား ကူညီပေးနိုင်ရပါမယ် ။ ”

” ခင်ဗျားရဲ့ အဆုတ်တွေ အမောဆို့သွားအောင် အထိကို ပြေးလွှား ကစားပေးနိုင်ရပါမယ် ။ ဒါပေမယ့် သူ အဲလို လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး ။ တော့ဒ်ဘိုလီ အဝတ်လဲခန်းအထိ ကစားသမားတွေကို စကားသွားပြောတာကို ကျွန်တော် နားလည်ပေးနိုင်ပါတယ် ။ ပိုင်ရှင် တယောက် အနေနဲ့ ခင်ဗျားဟာ ဒီလောက်ထိ ငွေကြေးကုန်ကျခံထားပြီး ဘာမှဖြစ်မလာတော့ ဒေါသထွက်ရပါပြီ ။ ”

” ဒီတော့ ကိုယ်တိုင် ဆူပူကြိမ်းမောင်းတဲ့အထိ ဖြစ်လာရပါတယ် ။ ခင်ဗျားသာ အသင်းပိုင်ရှင် တဦး ဖြစ်ပြီး ဂေါ်လဂါက ခင်ဗျားရဲ့ သန်း ၁၀၀တန် ကစားသမားကိုတောင် ကျော်တက်ပြေး ၊ စိတ်လိုက်မာန်ပါ ကစားနေပြီဆိုရင် သူ့အပေါ် ခင်ဗျားလည်း ဒေါသထွက်မိမှာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR