ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပြီးနောက် ချဲလ်ဆီးဟာ မန်ယူနိုက်တက် ၊ အာဆင်နယ်တို့လို ဖြစ်သွားနိုင်တယ်လို့ ဝန်ခံလာတဲ့ လမ်းပတ်

ချဲလ်ဆီး အသင်းဟာ တမြန်နေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၀ – ၂ နဲ့ ထပ်ရှုံးခဲ့တာကြောင့် ၂ကျော့ပေါင်း ၄ – ၀ နဲ့ အရေးနိမ့်ခဲ့ကာ ၊ ၂နှစ်ဆက် ထိုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ် ။

ပရီးမီးယားလိဂ်မှာလည်း Top 4 မဆိုထားနဲ့ ၊ ဥရောပ ဝင်ခွင့် တနေရာပင် ရဖို့ မလွယ်တဲ့ အနေအထား ဖြစ်နေတာကြောင့် ၂၀၁၆ – ၂၀၁၇ နောက်ပိုင်း ချဲလ်ဆီးတို့ ပထမဆုံး အကြိမ် ဥရောပ ပြိုင်ပွဲ မကစားရပဲ ဘောလုံးရာသီ တခု ဖြတ်သန်းရဖို့ ရှိပါတယ် ။

ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ်က ၄င်းတို့ဟာ အနာဂတ်မှာ နောက်ဆုံး ၇နှစ်ဆက် ချန်ပီယံလိဂ် မကစားရတဲ့ အာဆင်နယ် ၊ ဆာအဲလက်စ် ဖာဂူဆန်ခေတ် နောက်ပိုင်း ချန်ပီယံလိဂ် အမြဲတမ်း မဝင်တော့တဲ့ မန်ချက်စတာ ယူနိုက်တက်တို့လို ဖြစ်သွားနိုင်တဲ့အကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ ကစားသမား အင်အားနဲ့ အရည်အသွေးတွေ အရ ဒီအသင်းဟာ Top 4 နေရာနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တင်ကျန်ရစ်သင့်ပါတယ် ။ အခုလို ပြောရတာ ခက်ခဲပါတယ် ။ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်ဆိုရင် ချန်ပီယံလိဂ် မကစားရပဲ အချိန်တွေ ကုန်ဆုံးခဲ့ရပါတယ် ။ အသင်းကြီး အများအပြား ဒီလို အခြေအနေမျိုး ရောက်ဖူးကြတာပါပဲ ။ ”

” လောလောဆယ် ဒီအသင်းက အနာဂတ်မှာ ဘယ်လို ရှေ့ဆက်သွားမှာလဲ ၊ အခြေအနေ ပြန်ကောင်းလာမှာလား ၊ ပိုဆိုးသွားမှာလား ဆိုပြီး ခန့်မှန်း ပြောဆိုနေကြတာက ဘာမှ အဓိပ္ပာယ် မရှိပါဘူး ။ အနာဂတ်မှာ ဘယ်လို အနေအထားမျိုးဆီ တက်လှမ်းချင်လဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ခုချိန်ကစပြီး အခြေခံအုတ်မြစ် စတည်တာက ကျွန်တော်တို့ လုပ်ပေးနိုင်တယ်လို့ ထင်ပါတယ် ။ ”

” ဒီကို ကျွန်တော် ရောက်နေရတဲ့ အကြောင်းအရင်း ရှိပါတယ် ။ ဘာလို့လဲဆိုတော့ ဒီရာသီကို ဆိုးရွားစွာ ကျော်ဖြတ်ထားတဲ့ ပုံစံကြောင့် ဒီကို ယာယီ caretaker အဖြစ်နဲ့ ရောက်လာရလို့ပါ ။ ဒီအချိန်ကာလ အတောအတွင်း ကျွန်တော် အသင်း အပေါ် သက်ရောက်မှု တခုခု ပေးစွမ်းနိုင်မှာလား ? ကျွန်တော်တော့ ပေးစွမ်းနိုင်ဖို့ မျှော်လင့်ပါတယ် ။ ”

” ဒါပေမယ့် ဒီကလပ် အတွက် ပိုကြီးမားတဲ့ အရာက အရင်လို နေရာမျိုးဆီ ပြန်ရောက်ဖို့ ဖြစ်ပါတယ် ။ စိန်ခေါ်မှုကတော့ ကြီးမားပါလိမ့်မယ် ။ ကလပ်တိုင်းက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေပါပြီ ။ တချို့ ကလပ်တွေဆိုရင် ကစားသမား အင်အားအရ ကျွန်တော်တို့ထက်တောင် ပိုပြီး တည်ငြိမ်မှု ရှိနေကြပါတယ် ။ ”

” ဒီနေ့ညလို စိတ်ပျက်ဖွယ် အခိုက်အတန့်မျိုးမှာ ကျွန်တော်တို့ အနေနဲ့ စိတ်လျှော့လိုက်လို့ ဖြစ်မယ်လို့ မထင်ပါဘူး ။ ဒီအသင်းမှာ ကစားသမား တယောက် အနေနဲ့ အချိန် အကြာကြီး ဖြတ်သန်းခဲ့ဖူးသလို ၊ နည်းပြ တဦး အနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ဆင်နွှဲဖူးတာကြောင့် အရင်လို အနေအထားမျိုး ပြန်ရောက်ဖို့ ဘာတွေ လိုအပ်လဲ ဆိုတာ ကျွန်တော် သိပါတယ် ။ ”

” ကျွန်တော်တို့ အနေနဲ့ ကိုယ့်ရဲ့ အဆင့်အတန်း မြင့်မားအောင် ပြန်မြှင့်တင်နိုင်ရပါမယ် ။ ကျွန်တော်ကသာ ဒီအကြောင်းကို ထပ်တလဲလဲ ပြောနေပေမယ့် ၊ ဒီကစားသမား အစုအဖွဲ့နဲ့ သူတို့မှာ ရှင်းလင်းပြတ်သားတဲ့ ရည်ရွယ်ချက် ရှိမှာသာ လမ်းကြောင်း ပြန်ရှာတွေ့နိုင်မှာ ဖြစ်ပါတယ် ။ ”

” လက်ကျန် ၇ပွဲမှာ ဘာတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့ ။ ကျွန်တော် ဒါကို အတိုချုံး ပြန်ပြောပြပါမယ် ။ စွမ်းဆောင်ရည် မြင့်တက်လာမယ်ဆိုရင် ဒါက ပရိသတ်တွေကိုသာမက ၊ ကျွန်တော်တို့ကိုပါ လာမယ့် နွေရာသီမှာ ခံစားချက်ကောင်း တခုခု ပေးစွမ်းပါလိမ့်မယ် ။ ဒီလောက်ထိပဲ ကျွန်တော်တို့ တွေးဆမျှော်မှန်းလို့ ရပါဦးမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR