သူ့အပေါ် မကျေမနပ် ဖြစ်နေကြတဲ့ ချဲလ်ဆီး ပရိသတ်တွေထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ တော့ဒ်ဘိုလီ

ချဲလ်ဆီး အသင်းဟာ ယခုနှစ် ရာသီမှာ ရှေ့ရာသီကနဲ့ ယှဉ်လိုက်ရင် ၊ ရှုံးထွက်ဖလား ပွဲတွေမှာ သိသာတဲ့ တိုးတက်မှုကို ဖော်ဆောင်ပြနိုင်ပေမယ့် ၊ ပရီးမီးယားလိဂ်နဲ့ လက်ရှိ အနေအထားအထိ အသင်းရဲ့ ပျမ်းမျှ ကွင်းတွင်းစွမ်းဆောင်ရည်မှာတော့ မနှစ်ကနဲ့ ထူးမခြားနား ဖြစ်နေပါတယ် ။

အထူးသဖြင့် ချဲလ်ဆီး ပရိသတ်တွေဟာ တော့တင်ဟမ် နည်းပြဟောင်း ဖြစ်တဲ့ မော်ရစ်စီယို ပိုချက်တီနိုထံမှာ ကနဦးကတည်းက အပြည့်အဝ ယုံကြည်ပုံအပ်ထားခြင်း မရှိသလို ၊ ၄င်းကိုယ်၌ကလည်း အလုပ်နဲ့ လက်တွေ့ သက်သေမပြနေတာကြောင့် ပရိသတ်တွေရဲ့ စိတ်ပျက်မှုက ရာသီကုန်ခါနီးလေ ပိုပြီး ကြီးမားလေ ဖြစ်လာပါတယ် ။

ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ အချိန် မိနစ် ၃၀ခန့်ကို ချာတိတ် တအုပ်နဲ့ ကစားသွားတဲ့ လီဗာပူးကို ခွက်ထိုးခွက်လန် ရှုံးခဲ့ပြီးနောက် ပရိသတ်တွေဟာ ပိုချက်တီနိုအပေါ်မှာ တစတစ ယုံကြည်မှု မဲ့လာကြပါတယ် ။

ချဲလ်ဆီး အမာခံ ပရိသတ် အဖွဲ့ တဖွဲ့ ဖြစ်တဲ့ The Chelsea Supporters’ Trust အဖွဲ့ကလည်း ၂နှစ်အတွင်းမှာ ခြင်္သေ့ပြာတို့ကို တစစီဖြစ်အောင် လုပ်ပြသွားတဲ့ လက်ရှိ အမေရိကန် ပိုင်ရှင်တွေကို အခုလိုပဲ ပြင်းပြင်းထန်ထန် သတိပေးစာ ထုတ်ခဲ့ဖူးပါတယ် ။

ယင်းချဲလ်ဆီး အမာခံ ပရိသတ် အဖွဲ့ရဲ့ Statement ဖော်ပြချက်မှာ ” ပရိသတ်တွေ အကြား လက်ရှိ ခံစားနေရတဲ့ စိတ်အနေအထားက စုတ်စုတ်ပြတ်ပြတ်ကို ကျဆင်းနေပါတယ် ။ ဒါကို လျစ်လျူရှုထားလို့ မရပါဘူး ။ ကွင်းတွင်းကွင်းပြင်မှာ အသင်းက ရယ်စရာကြီး တခုလို ဖြစ်နေတဲ့ ခံစားချက်က ပိုပိုပြီး ကြီးထွားလာပါတယ် ။ ”

” ကျွန်တော်တို့ ချဲလ်ဆီး အမာခံ ပရိသတ် အဖွဲ့ရဲ့ ခံစားချက်ကလည်း အပြင်က ပရိသတ်ထု အားလုံးရဲ့ ခံစားချက်နဲ့ ထပ်တူမကျရင်တောင် ၊ ထပ်တူနီးနီး ဖြစ်နေပြီလို့ စိတ်မကောင်းစွာနဲ့ပဲ ယုံကြည်လိုက်ရပါတယ် ။ ဒီအတွေးအမြင်တွေ ၊ ခံစားချက်တွေဟာ ကွင်းတွင်း ရလဒ်တွေနဲ့ သွေဖီပြီး ဘယ်လိုမှ ပြောင်းလဲလို့ မရတော့လောက်ပါပဲ ။ ”

” လက်ရှိ အခြေအနေ မတိုးတက်မချင်း ၊ ကြည့်ရတာ ကွင်းတွင်း ပရိသတ်တွေဆီက ထိုးနှက် တိုက်ခိုက်တဲ့ သံပြိုင်သီဆိုမှုတွေ ခုထက် ပိုတိုးလာဖို့ပဲ ရှိပါမယ် ။ အထူးသဖြင့် ရုပ်သံတွေကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ ပွဲတွေမှာပါ ။ အခုထက် ပိုပြီး စုစည်းမှု ထိရောက်မှု ၊ သက်ရောက်မှု ရှိတဲ့ ဆန္ဒပြခြင်းတွေကိုလည်း တချို့သော ပရိသတ်ထု တပိုင်းတစဆီကနေ မြင်တွေ့နိုင်ပါသေးတယ် ။ ” လို့ ရေးသားခဲ့ပါတယ် ။

လက်ရှိ ချဲလ်ဆီး ပိုင်ရှင် ရှယ်ယာဝင် တဦး ဖြစ်တဲ့ တော့ဒ်ဘိုလီကတော့ ပရိသတ်တွေရဲ့ ဒေါသသံတွေကို သူ နားလည်ပေမယ့် ၊ ၄င်းနဲ့ အသင်းပိုင်ရှင် အဖွဲ့ကတော့ လက်ရှိ သွားနေတဲ့ လမ်းကြောင်းကို ဆက်လျှောက်ဦးမယ့် အကြောင်း Forbes မဂ္ဂဇင်းနဲ့ တွေ့ဆုံရာမှာ အခုလိုပဲ မက်ဆေ့ခ်ျ ပေးသွားပါတယ် ။

ဘိုလီ က ” ကျွန်တော်တို့ဟာ လက်ရှိ ဖြစ်စဉ်ကို တိုးတက်အောင် ၊ ဒီမယုံနိုင်ဖွယ် ကစားသမား အစုအဖွဲ့ကို အသင်းမှာ စကေးစွမ်းရည်အပြည့်နဲ့ အံဝင်ခွင့်ကျ ဖြစ်အောင် လောလောဆယ် လုပ်ဆောင်ဖို့ လိုနေပါတယ် ။ သတင်းကောင်းက လူတွေဟာ အသင်းအပေါ် အရမ်း ဂရုစိုက်လွန်းကြသလို ၊ သတင်းဆိုးကလည်း လူတွေက အသင်းအပေါ် အရမ်း ဂရုစိုက်လွန်းကြတာပါပဲ ။ ”

” ဒါက ကြာလာတော့ အသင်းနဲ့ ပိုင်ရှင်တွေ အပေါ် သူတို့ စိတ်ပျက်လာတဲ့ဆီ ဦးတည်သွားစေပါတယ် ။ ဒါကို ကျွန်တော် နားလည်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကိုယ်လုပ်နေတဲ့ အလုပ် လမ်းကြောင်းအပေါ်မှာပဲ ဆက်လက် လျှောက်လှမ်းရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR