မန်စီးတီး နဲ့ ပွဲက အာဆင်နယ် ကစားသမား ၆ ဦး ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူး လိုက်တဲ့ ဂယ်ရီနဗီးလ်

 

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် က မန်စီးတီး အသင်း နဲ့ ဂိုးမရှိ သရေ ကျခဲ့တဲ့ ပွဲက အာဆင်နယ် အသင်း ကစားသမား ခြောက်ဦး ရဲ့ စွမ်းဆောင်ရည် ကို ချီးကျူး စကားဆို သွားခဲ့ပါတယ် ။

တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ ဂိုးမရှိ သရေ ကျခဲ့တာကြောင့် နည်းပြ အာတီတာ ရဲ့ အာဆင်နယ် အသင်းဟာ နည်းပြ ဂွာဒီယိုလာ ရဲ့ မန်စီးတီး အသင်း ရဲ့ အထက်မှာ ၁ မှတ်အသာ နဲ့ ဆက်လက် ရပ်တည် နိုင်ခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း မန်စီးတီး အသင်းရဲ့ အိမ်ကွင်း အီတီဟက်မှာ Clean-Sheet ရအောင် ကစားနိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာခဲ့ပါတယ် ။

ဂယ်ရီနဗီးလ် က Sky Sports မှာ ” အာဆင်နယ် အသင်းက မန်စီးတီး နဲ့ ပွဲမှာ ‌ကြီးမားတဲ့ မေးခွန်း နှစ်ခုကို ကောင်းကောင်း ဖြေနိုင်ခဲ့ပါတယ် ။ ပထမ တစ်ခုက သူတို့ရဲ့ စိတ်ဓတ်ပိုင်း ပါ ၊ မန်စီးတီးလို အသင်း နဲ့ ပွဲမှာ သူတို့ ကြံ့ကြံ့ခံ နိုင်စွမ်း ရှိသလား ဆိုတာပေါ့ ၊ မနှစ်က သူတို့ အီတီဟက်မှာ ကျရှုံးပြီး ပြန်ခဲ့ရပါတယ် ၊ အဲ့တုန်းက သူတို့က စုစည်းမှု အားနည်း ခဲ့ပါတယ် ။ ”

” ဒီနှစ်တော့ သူတို့ ဖိအားတွေကို ကျော်ဖြတ် နိုင်ခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်ကြောင်း ပြသ နိုင်ခဲ့ပါတယ် ။ စိတ်ဓတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု လည်း ပိုရှိလာခဲ့ပါပြီ။ ဒါက သူတို့ ဖြေခဲ့တဲ့ မေးခွန်းပါပဲ ၊ အီတီဟက်မှာ လာကစားရတာ ခက်ခဲပါတယ် ။ ”

” နောက်ထပ် တစ်ခုကတော့ သူတို့ရဲ့ ခံစစ် ပိုင်းပါပဲ ၊ မနှစ်က ဆလီဘာ မပါတော့ သူတို့ ချေမှုန်း ခံခဲ့ရပါတယ် ၊ ဒီနှစ်တော့ ဆလီဘာ ပါတာ နဲ့ မပါတာ ဘာကွာသလဲ ဆိုတာ မြင်သာ သွားခဲ့ပါပြီ ၊ ဒီနေ့ ဆလီဘာရော ဂါဘရီရယ် ပါ သိပ်ကောင်းခဲ့ပါတယ် ၊ တောင်ပံ ကစားသမားနှစ်ဦး ရဲ့ အလုပ် ကြိုးစားမှုနှင့် တိုက်စစ် ကစားသမား နှစ်ဦး ရဲ့ အလုပ် ကြိုးစားမှုကလည်း အံ့ဖွယ်ပါပဲ ။ ”

” ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ ရင်ဆိုင် ကစားရတဲ့ အခါမှာ နှစ်ထပ် ကစားတာက ရှက်စရာ မဟုတ်ပါဘူး ။ ဂါဘရီရယ် ဂျေးဇုက ခီဗီယော အများကြီး ဒုက္ခမရောက်အောင် ကူညီ ပေးခဲ့ပါတယ် ၊ အစပိုင်းမှာ ခီဗီယော တစ်ယောက် ခက်ခဲ နေခဲ့တာပါ ၊ဂျေးဇုက ခီဗီယော ကို ကူပေးခဲ့ပြီး ဆာကာ က ဘန်ဝှိုက် ကို ကူပေးခဲ့ပါတယ် ၊သူတို့ အတူတကွ ပူးပေါင်းပြီး ကောင်းကောင်း လုပ်နိုင်ခဲ့တယ် ဆိုရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM