လီဗာပူးနဲ့ နောက်တစ်ကြိမ် ဆုံတဲ့အခါ ဒုက္ခများလိမ့်မယ်လို့ မန်ယူနိုက်တက်ကို သတိပေးလိုက်တဲ့ ဂယ်ရီနဗီး

 

ဂယ်ရီနဗီးဟာ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ဆိုးဆိုးရွားရွား ကစားသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို ဝေဖန်သွားခဲ့ပြီး ဒီအတိုင်း ကစားသွားမယ်ဆိုရင် လာမည့် တစ်ပတ် လီဗာပူးနဲ့ ပွဲစဉ်မှာ ဒုက္ခများလိမ့်မယ်ဆိုပြီး သတိပေးလိုက်ပါတယ်။ သရဲနီတို့ဟာ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကို ဂိုးကန်သွင်းခွင့် ၃၁ ကြိမ်ထိ ပေးခဲ့ရပြီး ကံကောင်းလို့သာ မရှုံးခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး ၄ ပွဲမှာ မန်ယူနိုက်တက်ဟာ ပြိုင်ဘက်တွေကို ဂိုးကန်သွင်းခွင့် ၁၀၆ ကြိမ်ထိ ခွင့်ပြုခဲ့ရပြီး နဗီးကတော့ ယူနိုက်တက်ရဲ့ နောက်ဆုံးပွဲစဉ်က ခြေစွမ်းအပေါ် အတော်လေး စိုးရိမ်နေကာ လီဗာပူးနဲ့ လာမည့် တစ်ပတ် ပွဲစဉ်အတွက် သတိပေးမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။

နဗီးက “ကျနော် ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်ကို ကြည့်ဖြစ်ခဲ့ပါတယ်။ ကျနော် မြင်တွေ့ခဲ့ရတာကို မယုံနိုင်လောက်အောင် ဖြစ်ခဲ့မိပါတယ်။ ကျနော်က ယူနိုက်တက် အနေနဲ့ စပါး ဗီလာ တို့ကို ဖိအား အနည်းငယ် ပေးနိုင်လိမ့်မယ်လို့ တွေးခဲ့တာပါ။ ဒီလောက် ဆိုးဆိုးရွားရွား ကစားဖို့ဆိုတာ အတော်လေးကို ခက်ခဲပါတယ်။

ရိုးရိုးသားသား ပြောရရင် ဒီအတိုင်း ကစားသွားခဲ့တာပါ။ သူတို့ အဲဒီပွဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့တဲ့ အချိန်ကို ကျနော် မှတ်တောင် မမှတ်မိပါဘူး။ မေဆင်မောင့် ဂိုးမသွင်းမီ အထိ အတော်လေးကို ဆိုးရွားခဲ့တဲ့ ကစားပုံ ဖြစ်ပါတယ်။ အဲဒီနောက် ဘရန့်ဖို့ဒ်ကို သူတို့ သရေတစ်မှတ် ရအောင် ပြန်ပေးခဲ့ပါတယ်။

ယူနိုက်တက်သာ အနိုင်ရခဲ့မယ်ဆိုရင်တော့ ဒါဟာ တကယ့်ကို မတရားမှုပါပဲ။ ဒါပေမယ့် ဘရန့်ဖို့ဒ်က ဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။ ကျနော် ဒီ performance ကို ရှင်းတောင် မရှင်းပြတက်တော့ပါဘူး။ ဒီလို ခြေစွမ်း ဘယ်ကနေ လာသလဲဆိုတာ ကျနော်လည်း မသိပါဘူး။ ဒီလောက် နိမ့်ပါးတဲ့ ခြေစွမ်းနဲ့ ကစားခဲ့တဲ့ အပေါ် အတော်လေး စိုးရိမ်မိပါတယ်။ သူတို့ဟာ ဘောလုံး ပေးလိုက်ရတဲ့ အခါမှာလည်း ပြန်လည် တုန့်ပြန်ပုံက မကောင်းလှပါဘူး။ သူတို့ဟာ ဘောလုံးမရှိတဲ့ အချိန်မှာ အဆိုးဆုံး အသင်းတွေထဲက တစ်သင်းပါပဲ။”

ဆက်လက်ပြီး နဗီးက “နိုင်ငံတကာပွဲစဉ် ကာလမတိုင်မီ လီဗာပူးကို နိုင်ခဲ့တာကြောင့် သူတို့ အနေနဲ့ ဘရန့်ဖို့ဒ် နဲ့ပွဲမှာ လုံး၀ကို တက်ကြွနေရမှာပါ။ ဒါပေမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အဲဒီလို ကစားပုံမျိုးပဲ မြင်ခဲ့ရပါတယ်။ သူတို့ လာမည့် တစ်ပတ်မှာတော့ ဒီလောက်တော့ မဆိုးနိုင်တော့ပါဘူး။ ဒါပေမယ့် လီဗာပူးသာ ကိုယ့်အလုပ် ကိုယ်လုပ်သွားမယ် ဆိုရင် မန်ယူနိုက်တက် တို့ အတော်လေး ဒုက္ခများမှာပါ။ ယူနိုက်တက်ရဲ့ကစားပုံက ခြားနားမှုတော့ ရှိနိုင်ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ ပွဲကလောက်တော့ မဆိုးနိုင်ပါဘူး။”