အာဆင်နယ်နဲ့ ပွဲမှ မန်စီးတီး စတား တဦးရဲ့ ခြေစွမ်း အပေါ် တည့်ဝေဖန်ရင်း ၊ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းကို ထုတ်ဖော်လိုက်တဲ့ ရွိုင်ကိန်း

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးဟာ မနေ့ညက ကစားသွားတဲ့ Big Match ပွဲမှာ အနီးကပ် ပြိုင်ဖက် အာဆင်နယ်ကို အိမ်ကွင်း အီတီဟတ်မှာ ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့ပါတယ် ။ ဒီအတွက်ကြောင့် စီးတီးတို့ဟာ ဇယားထိပ်က လီဗာပူးနဲ့ ၃မှတ် ပြန်လည် ကွာဟခဲ့ပြီ ဖြစ်ပါတယ် ။

စီးတီးဟာ ဒီရာသီ အတွင်း အသင်းကြီး တချို့နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့တဲ့ ပွဲတွေမှာ အားရစရာ ကောင်းတဲ့ ကစားပုံ ၊ ခြေစွမ်းမျိုး မပြသနိုင်ခဲ့တာတွေ ရှိပြီး ၊ မနေ့ညက ပွဲဟာလည်း ထိုအထဲမှာ တပွဲ အပါအဝင် ဖြစ်ပါတယ် ။ အထူးသဖြင့် အားထားရတဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းဆိုရင် Title Challenger ၂သင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲတွေမှာ တဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူဟောင်း ရွိုင်ကိန်းကတော့ ဟာလန်းရဲ့ ဂိုးသွင်း စွမ်းရည်ထက် တခြားသော ဘောလုံးသမား တယောက်ရဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး ၊ ၄င်းဟာ အင်္ဂလန် လိဂ်တူး ကစားသမား တယောက်ရဲ့ အဆင့်အတန်းသာ ရှိကြောင်း တည့်ဝေဖန်သွားပါတယ် ။

Sky Sports ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ ရွိုင်ကိန်း က ” သူ့ရဲ့ ခြေစွမ်း အဆင့်အတန်းကို ခြုံငုံကြည့်ရင် အတော်လေး ညံ့ဖျင်းခဲ့ပါတယ် ။ ဒီနေ့မှ မဟုတ်ပါဘူး ။ အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားတာပဲဖြစ်ဖြစ် ၊ ခေါင်းယှဉ်တိုက်တာတွေပဲ ဖြစ်ဖြစ် ၊ ဘယ်အရာမဆိုပေါ့ ။ ဂိုးပေါက်ရှေ့မှာဆို သူဟာ ကမ္ဘာ့ အကောင်းဆုံး ဖြစ်ပါတယ် ။ ”

” ဒါပေမယ့် ကစားသမား တယောက် အနေနဲ့ သူ့ရဲ့ ယေဘူယျ ဘောလုံးကစားဟန်ကိုက အရမ်း နုံချာလွန်းပါတယ် ။ သူ့အနေနဲ့ ဒီနေရာမှာ တိုးတက်ဖို့ လိုပါမယ် ။ ဒီလို တိုးတက်ဖို့ ဆိုတာလည်း နောက်၂နှစ်လောက် အချိန်ယူရပါမယ် ။ သူဟာ လိဂ်တူး ကစားသမား တယောက်လိုပါပဲ ။ သူဟာ အံ့သြဖွယ် တိုက်စစ်မှူး တယောက် ဖြစ်ပေမယ့် ၊ တခြားသော အရည်အချင်းတွေမှာ တိုးတက်ဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ရွိုင်ကိန်းက စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ သရေပွဲကို ပျော်ရွှင်နေကြမယ့် လီဗာပူးဟာ ချန်ပီယံဆု အတွက် ရေပန်းအစားဆုံး ဖြစ်ကြောင်း ဖွင့်ဟခဲ့ပေမယ့် ၊ စီးတီးကတော့ မနေ့ညက ပွဲမှာ မျှော်မှန်းထားသလို မစွမ်းဆောင်နိုင်ခဲ့တဲ့ အတွက် စိတ်ပျက်ရကြောင်း အခုလိုပဲ သုံးသပ်လာပါတယ် ။

ရွိုင်ကိန်း က ” ဒီနေ့မှာ လီဗာပူးဟာ တကယ့် အောင်နိုင်သူတွေ ဖြစ်ခဲ့ကြပါတယ် ။ ကိုယ့်ရဲ့ ပွဲကို အနိုင်ဆော့နိုင်ခဲ့သလို ၊ ဒီ၂သင်း သရေကျတာကိုလည်း ကြည့်ခဲ့ကြရပါတယ် ။ လီဗာပူးဟာ ဒီအပေါ် ဝမ်းမြောက်နေမှာပါ ။ ခင်ဗျား လက်ရှိ အမှတ်ပေးဇယားကို ကြည့်လိုက်ရင် ၊ လီဗာပူးကပဲ ချန်ပီယံဆု အတွက် ရေပန်းအစားဆုံးလို့ ယူဆမိမှာပါ ။ ”

” ဒါပေမယ့် ကွင်းတွင်း သူတို့ရဲ့ အရည်အသွေးကောင်း ပိုင်ဆိုင်မှု ပမာဏကြောင့် ကျွန်တော်တို့ စိတ်ပျက်နေရတာပါ ။ အာဆင်နယ်ဟာ အသင်းကောင်း တသင်း ၊ ဒီနေ့မှာ Clean Sheet ယူနိုင်ခဲ့တယ် ၊ ဘာပဲဖြစ်ဖြစ်ပါ ။ ခင်ဗျားဟာ ရှေ့၇နှစ်က မန်စီးတီး တည်ဆောက်ခဲ့တဲ့ ခြေစွမ်း အဆင့်အတန်းကို ရောက်ဖို့ အတွက် အတုယူကြည့်ရှုရမှာပါ ။ ”

” အထူးသဖြင့် ဒီဘရိုင်းနဲ့ ဖိုဒန်တို့လိုပေါ့ ။ သူတို့ မှန်းထားသလို ခြေစွမ်းမပြနိုင်ရင် ၊ ခင်ဗျား စိတ်ပျက်မိမှာပါပဲ ။ ဒီကစားသမားတွေဟာ ဒီလိုပွဲမျိုးတွေမှာ အလှည့်အပြောင်း အခြေအနေ တခုခု ပေးနိုင်မယ်လို့ ကျွန်တော်တို့ အမြဲ မှတ်ယူထားခဲ့ကြပါတယ် ။ ”

” သူတို့ဟာ ဒီနေ့မှာ ခြေစွမ်းအောက်နေတဲ့ပုံ ပေါ်ပြီး ၊ ဒီသရေတမှတ်ကို ဒီအတိုင်း လက်ခံကြရပါမယ် ။ ဒီရာသီ အဆုံးမှာတော့ ဒီတမှတ်က စီးတီး အတွက် လုံလောက်မှု ရှိရဲ့လား ဆိုတာ ကျွန်တော်တို့လည်း သေသေချာချာ မပြောနိုင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR