အာဆင်နယ်နဲ့ သရေကျပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ၃သင်းကို အစဉ်လိုက် ပြောပြသွားတဲ့ ပက်ဂွာဒီယိုလာ

 

မနေ့ညက အီတီဟတ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ အတွက် အဆုံးအဖြတ် ပွဲတပွဲ ဖြစ်တဲ့ မန်စီးတီး – အာဆင်နယ် ပွဲဟာ ဂိုးမရှိ သရေ ရလဒ်နဲ့ ပြီးဆုံးသွားတာကြောင့် ဒီပွဲမတိုင်ခင် ဘရိုက်တန်ကို ၂ – ၁ နဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးက အမှတ်ပေးဇယားထိပ်ကို ပြန်လည် ဦးဆောင်နိုင်လိုက်ပါတယ် ။

္နဒီပွဲမှာ စီးတီးတို့ဟာ ဘောလုံး ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကျော်နဲ့ ကိုင်ကစားခွင့် ရခဲ့ပေမယ့် ၊ ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ၊ ဖန်တီးမှုတွေ များများစားစား မလုပ်ဆောင်နိုင်ခဲ့တာကြောင့် ၊ အိမ်ကွင်းမှာ အမှတ်ပြည့် မယူနိုင်ခဲ့ပဲ ၊ သရေ တမှတ်နဲ့ ကျေနပ်ခဲ့ရပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာက အာဆင်နယ်ရဲ့ ခံစစ် ကစားပုံ အပေါ် ချီးကျူးရင်း ၊ စီးတီးဖက်က ကောင်းကွက်တွေကို အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ဂွာဒီယိုလာ က ” ဒီရာသီ အာဆင်နယ်နဲ့ ၂ကျော့ ကစားခဲ့တဲ့ ပွဲမှာ ဘယ်အသင်းက အကောင်းဆုံး ဖြစ်ခဲ့လဲ ? မန်စီးတီးပါ ။ ခင်ဗျားတို့ရဲ့ မျက်နှာ အမူအရာ တုန့်ပြန်ပုံကို ကြည့်ရတာ ကျွန်တော်နဲ့ သဘောမတူကြတဲ့ပုံပါပဲ ။ ပြီးခဲ့တဲ့ ၆နှစ်ကြာလောက် ကျွန်တော်တို့ဟာ အပတ်တိုင်း ၇ – ၀ နဲ့ နိုင်နေခဲ့တယ်လို့ ခင်ဗျားတို့ ဟန်ဆောင်ကြပါတယ် ။ ”

” ကျွန်တော့ အသင်း အကြောင်း ကျွန်တော် နားလည်ပါတယ် ။ မျှော်မှန်းချက်တွေနဲ့ ကျွန်တော်တို့ရဲ့ pressing ကစားဟန်တွေပေါ့ ။ ဒီနေ့မှာ ကျွန်တော်တို့ဟာ ပြိုင်ဖက်ဆီကနေ ဖြတ်တင်ဘော ၁ကြိမ် ၊ ၂ကြိမ်လောက်ပဲ ခွင့်ပြုခံခဲ့ရတာပါ ။ ဒီရာသီ အာဆင်နယ်ရဲ့ ပွဲအပေါ် ခြယ်လှယ် ကစားခဲ့ပုံတွေကို ကြည့်ပါ ။

” ဒီအသင်းကို ကျွန်တော်တို့ ဒီနေ့မှာ ထောင့်ကန်ဘော အများကြီး ခွင့်မပြုခဲ့ရပါဘူး ။ ဒါက ခက်ခဲပါတယ် ။ တခါတလေမှာ ကျွန်တော်တို့ဟာ ခံစစ်ပိတ် ကစားတဲ့ အသင်းတွေနဲ့ ကြုံရတတ်ပြီး ၊ အာဆင်နယ်ဟာ ဒီအထဲမှာ တခြား အသင်းတွေနဲ့ မတူအောင် တော်လွန်းပါတယ် ။ ”

” စီမံခန့်ခွဲမှု ကောင်းပြီး ၊ သူတို့ရဲ့ ကစားသမားတွေဟာ အရမ်းတော်ကြပါတယ် ။ နောက်ထပ် မန်နေဂျာ တယောက်ရဲ့ တံခါးကို ခေါက်ပြီး သူ ဒီလိုမျိုး လုပ်ပြနိုင်ပါ့မလား ဆိုတာ စောင်ကြည့်ရမယ့် သဘောပါပဲ ။ အသင်း တသင်း အနေနဲ့ ပြောရရင်တော့ ကျွန်တော်တို့ဟာ ချန်ပီယံ လုပွဲထဲမှာ ရှိနေဆဲပါ ။ ”

” တချို့သော ရှုထောင့်တွေအရ ကြည့်ရင် ကျွန်တော်တို့ ပိုကောင်းတဲ့ အရာတွေ ရခဲ့သင့်ပေမယ့် ၊ ဒီနေ့ပွဲ အပေါ် ကျွန်တော် ကျေနပ်မှု ရှိပါတယ် ။ အသင်းသားတွေ အနေနဲ့ ဝမ်းနည်းစရာ မလိုဘူးလို့ ကျွန်တော် ပြောခဲ့ပြီးသားပါ ။ အာဆင်နယ်ကို သူတို့ လုပ်ပြထားတဲ့ အရာတွေ အတွက် ချီးကျူးရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ စီးတီးဟာ ဒီရလဒ်ကြောင့် ဇယားထိပ်က လီဗာပူးနဲ့ ၃မှတ် ပြန်လည် ကွာဟသွားကာ ၊ လက်ကျန် ၉ပွဲမှာ အထက်က ၂သင်း ခြေချော်ဖို့ကို စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ် ။ ချန်ပီယံဆု အတွက် ရေပန်းစားမှုမှာ လက်ရှိ ရပ်တည်မှု အရ ဖြစ်ကြောင်းလည်း ပက်က အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ဂွာဒီယိုလာ က ” ဟုတ်ပါတယ် ။ ဇယားထိပ်မှာ ရောက်နေတဲ့ အသင်းက ချန်ပီယံဆု အတွက် အမြဲတမ်း ရေပန်းအစားဆုံးပါ ။ ဒုတိယ ရေပန်းအစားဆုံးက အာဆင်နယ်ပါ ။ ကျွန်တော်တို့ကတော့ တတိယပေါ့ ။ ဒီပွဲမတိုင်ခင်က ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိခဲ့ပေမယ့် ၊ အခုတော့ မရှိတော့ပါဘူး ။ ”

” ကျွန်တော်တို့ လုပ်နိုင်တာက အက်စတွန် ဗီလာနဲ့ ပွဲအကြောင်း စဉ်းစားဖို့ပါ ။ ဇယားထိပ်မှာ ခင်ဗျားတို့ ရှိနေရင် ၊ အရင်နှစ်တွေမှာ ကျွန်တော်တို့ လုပ်ပြခဲ့သလိုမျိုးပေါ့ ၊ အဲဒါဆို ခင်ဗျားတို့ဟာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံးပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR