မန်စီးတီး နဲ့ ပွဲမှာ နည်းပြ အာတီတာ ခိုင်းတဲ့ အတိုင်း သူတို့ လိုက်မကစား နိုင်ခဲ့ဘူးလို့ ဖွင့်ဟလာတဲ့ အော်ဒီဂတ်

 

ဂန်းနား ကပ္ပတိန် မာတင် အော်ဒီဂတ် က မန်ချက်စတာ စီးတီး အသင်း နဲ့ ဂိုးမရှိ သရေ ကျခဲ့တဲ့ ပွဲမှာ သူတို့ဟာ နည်းပြ အာတီတာ စီစဉ်ထားတဲ့ အတိုင်း ကစား နိုင်ခဲ့ခြင်း မရှိကြောင်း ဖွင့်ဟ လာခဲ့ပါတယ် ။ ချန်ပီယံဆု အတွက် အရေးပါတဲ့ ပွဲမှာ မန်စီးတီး နှင့် အာဆင်နယ် အသင်းတို့ဟာ ဂိုးမရှိ သရေ ကျသွားခဲ့တာကြောင့် ချန်ပီယံ ပြိုင်ပွဲထဲ လီဗာပူး ၊ အာဆင်နယ် ၊ မန်စီးတီး ၃ သင်းစလုံး ဆက်ရှိ နေခဲ့ပါတယ် ။

ဂန်းနား ကပ္ပတိန် အော်ဒီဂတ် ကတော့ စီးတီး နဲ့ သရေ ရလဒ် အပေါ် အားရ ကျေနပ်ခြင်း မရှိဘဲ အနိုင် ရအောင် ကစားနိုင် ခဲ့သင့်တယ်လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။ အော်ဒီဂတ် က အာဆင်နယ် အသင်း ဒီနေ့ပွဲ မှာ ပိုပြီး အရဲစွန့် ကစားခဲ့သင့်သလား ဆိုတဲ့ မေးခွန်း အပေါ် “ကျနော်တို့ အားလုံးလည်း ဒီနေ့ ပွဲမှာ အခုထက် ပိုပြီး စွန့်စား ကစား ခဲ့သင့်တယ် ဆိုတဲ့ ခံစားချက်မျိုး ရပါတယ် ။ ”

” ကျနော်တို့ အနေနဲ့ ဘောလုံး ကိုင်ကစားရာမှာ ပိုကောင်းအောင် လုပ်နိုင် ခဲ့သင့်ပါတယ် ၊ ဘောလုံး ရတဲ့အခါမှာ ပထမဆုံး ပြုလုပ်တဲ့ ဘောလုံး ပေးပို့မှု နှင့် ဒုတိယ ပေးပို့မှုက ပြိုင်ဘက် ရဲ့ ဖိအားပေးမှု လျော့ကျအောင် လုပ်ရတာ ဖြစ်တဲ့ အတွက် သိပ်အရေးပါပါတယ် ။ ဒါမှလည်း ပွဲကိုလည်း ထိန်းချုပ် နိုင်မှာပါ ။ ”

” ဒါပေမဲ့ ကျနော်တို့ စီစဉ်ထားတာထက် ပိုပြီး ခံစစ် ကို ပြင်ဆင် ကစားခဲ့ကြပါတယ် ။ ရှေ့ကနေ နောက်ကို အသားကုန် ပြေးပြီး ခံစစ် ဆင်းကူ ကစားတော့ ဘောလုံး ပြန်ရတဲ့ အချိန်မှာ လူက ပန်းနေပါပြီ ၊ တကယ့်ကို ခက်ခဲပါတယ် ၊ ဒီနေ့ ကျနော်တို့ အနာဂတ်မှာ ပိုမို တိုးတက် ကောင်းမွန်အောင် လုပ်ရမယ့် အရာ တစ်ခုကို တွေ့ခဲ့တယ် ဆိုရမှာပေါ့ဗျာ ။ ”

” သရေ ကျတဲ့ အပေါ် စိတ်တော့ ပျက်မိပါတယ် ။ ကျနော်တို့ အနိုင် ရချင် ခဲ့တာပါ ၊ တချို့နေရာတွေမှာ အခုထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်လို့ ထင်ပါတယ် ၊ ခံစားချက်ကတော့ ရောထွေးနေတာပေ့ါဗျာ ၊ ဒီကွင်း မှာ လာကစားရတာ တကယ့်ကို ခက်ခဲပါတယ် ၊ မနှစ်က ပွဲကို ကြည့်ကြည့်ပါ ၊ သူတို့ ကွင်းမှာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေ ရလဒ်တွေကို ပြန်ကြည့်ရင် ဒီတစ်မှတ်က ကောင်းတယ် ဆိုရမှာပေါ့ ၊ ဒါပေမဲ့ ကျနော်တို့ ဒီထက် ပိုကောင်းအောင် ကစား နိုင်ခဲ့သင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM