” ရီးရဲလ်သာ ခေါ်ဖို့ လုပ်လာရင် သူ အာဆင်နယ် အသင်းမှာ ဆက်နေမယ် မထင်ပါဘူး ” ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် က အာဆင်နယ် အသင်း အနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့စိတ်ဝင်စားမှုကို ခံလာရနိုင်တဲ့ နည်းပြ အာတီတာ ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အစွမ်းကုန် ကြိုးစား သင့်တယ်လို့ သတိပေး ပြောကြား သွားခဲ့ပါတယ် ။

ဖာဒီနန် က သူ့ရဲ့podcast မှာ ” ခင်ဗျားတို့(အာဆင်နယ်) အနေနဲ့ အရင်ဦးဆုံး အာတီတာ ကို အသင်းမှာ ဆက်လက် ထိန်းသိမ်း နိုင်ဖို့ အရေးကြီးပါတယ် ။ ကျနော် ကြားထားတဲ့ အကြောင်းအရာ တစ်ချို့ ရှိပါတယ် ၊ ရီးရဲလ် မက်ဒရစ် က သူ့ကို ခေါ်ဖို့ စိတ်ဝင်စားနေတဲ့ အကြောင်းပေါ့ ၊ သူတို့သာ တံခါးလာခေါက်ရင် အာဆင်နယ် ကစားသမားတွေ နည်းပြမဲ့ ဖြစ်သွားပါလိမ့်မယ် ။ ”

” ကျနော် ကြားရသလောက်က အန်ဆယ်လော့တီ ရီးရဲလ် က ထွက်ခွာရင် အာတီတာ က အဲ့ဒီကို သွားချင်နေပါတယ် ။ ဒါက လမ်းတွေ ပေါ်မှာ ပြောနေကြတဲ့ ကောလဟလတွေပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ ဂန်းနားဟောင်း ပီတစ် ကတော့ အခုအချိန်မှာ အာဆင်နယ် က ထွက်ခွာပြီး ရီးရဲလ် ကို သွားရင် အာတီတာ အမှားကြီး ကျူးလွန်မိသလို ဖြစ်သွားမယ်လို့ ဆိုလိုက်ပါတယ် ။

” သူသာ အခု အာဆင်နယ် ကနေ ထွက်ခွာပြီး ရီးရဲလ်ကို သွားဖို့ လုပ်မယ်ဆိုရင် မှားသွားပါလိမ့်မယ် ။ ပြီးခဲ့တဲ့ ၃ နှစ် အတွင်း သူ အများကြီး တိုးတက်လာတာ မှန်ပါတယ် ၊ သူ အာဆင်နယ် နည်းပြ အဖြစ် ခန့်အပ်ခံရချိန် ပထမလ အနည်းငယ်မှာ သူ ရုန်းကန် ခဲ့ရပါတယ် ။ ”

” အာဆင်နယ် က တန်းဆင်းဇုန် ထဲ အထိ ရောက်ခဲ့ဖူးပါတယ် ၊ ဘုတ်အဖွဲ့က အာတီတာ လုပ်ချင်တဲ့ ပုံစံ အတိုင်း လုပ်ပိုင်ခွင့် အပြည့် ပေးခဲ့တာပါ ၊ အာတီတာ က တစ်ဦးချင်းရော အသင်းလိုက်ရော သူ လိုချင်တဲ့ ပုံစံအတိုင်း အသင်းကို တည်ဆောက် ခဲ့တာပါ ၊ အခုတော့ ကျနော်တို့ အားလုံး အာတီတာ ရဲ့ အသင်း ကစားပုံ ချီးကျူး လက်ခုပ်တီး နေကြပါပြီ ။ ”

” အာတီတာ အနေနဲ့ အာဆင်နယ် နဲ့ အတူ အရင်ဆုံး ချန်ပီယံလိဂ် ကစားဖို့ လိုပါတယ် ။ ချန်ပီယံလိဂ် ပြိုင်ပွဲ ယှဉ်ပြိုင်ပြီးမှ ဘာဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့ဗျာ ၊ မက်ဒရစ် က တကယ့်ကို ကြီးမားတဲ့ အသင်းကြီးတစ်သင်းပါ ၊ မက်ဒရစ် ကို ကိုင်တွယ်မယ့် နည်းပြက ဆုဖလား အောင်မြင်မှု ကြီးကြီးမားမား ရဖူးပြီး အဝတ်လဲခန်းကို နိုင်နင်းတဲ့သူ ဖြစ်ဖို့ လိုပါတယ် ။ ”

” မက်ဒရစ် မှာက ထိပ်တန်း ကစားသမားတွေ အများအပြား ရှိပါတယ် ၊ အာဆင်နယ် ကို မလေးမစား ပြောတာတော့ မဟုတ်ပါဘူး ၊ အာဆင်နယ် နှင့် မက်ဒရစ် က လုံးဝ မတူပါဘူး ။ ” လို့ ဆိုသွားခဲ့ပါတယ် ။

SM