တင်ဘာကို လီဗာပူးတို့ မခေါ်ယူသင့်တဲ့ အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ ရှနိုက်ဒါ

၀က်စလေရှနိုက်ဒါက လီဗာပူး အနေနဲ့ အိ်ုင်ယက်ဗဟိုနောက်ခံလူ ဂျူရီရန်တင်ဘာကို ခေါ်ယူမယ့် ကိစ္စကို လက်ရှောင်သွားရန် သတိပေးလိုက်ပြီး နယ်သာလန် စတားဟာ ပရီးမီးယားလိဂ်မှာ သူတင်ကိုယ်တင် ပြိုင်ဆိုင်နိုင်တဲ့ အမြင့်ဘောစွမ်းရည်ကောင်း ရှိမနေဘူးလို့ သတိပေးလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားကို လီဗာပူးက ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပြီး နယ်သာလန်မှာ ထွက်ပေါ်နေတဲ့ သတင်းများအရ ၎င်းရဲ့ Girlfriend ဖြစ်သူဟာ လီဗာပူးမှာ နေထိုင်ရန် အိမ်ရှာနေတယ်လို့ သိရပါတယ်။

ယာဂန်ကလော့ဟာ ဒီနွေရာသီမှာ နောက်တန်းကိုလည်း အားဖြည့်သွားဖို့ ရှိနေပြီး အထူးသဖြင့် နေရာစုံ ကစားပေးနိုင်တဲ့ နောက်ခံလူ တစ်ဦးကို ခေါ်ယူရန် စိတ်အားထက်သန်နေပါတယ်။ တင်ဘာကလည်း ပြီးခဲ့တဲ့ နွေရာသီက အသင်းပြောင်းရန် ငြင်းပယ်ခဲ့ပြီး သူ့ရဲ့ အရည်အသွေးကို နယ်သာလန်လိဂ်မှာ ဆက်လက် မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အိုင်ယက် ကွင်းလယ်ဖန်တီးရှင်ဟောင်း ရှနိုက်ဒါ ကတော့ တင်ဘာရဲ့ ၅ ပေ ၉ လက်မ ပတ်၀န်းကျင်သာ ရှိနေတဲ့ အရပ်အမောင်းနဲ့ aerial duel မကောင်းမွန်တဲ့ အချက်ကြောင့် ဒါဟာ လီဗာပူး အတွက် ကောင်းမွန်တဲ့ အပြောင်းအရွေ့ လှုပ်ရှားမှု ဖြစ်လိမ့်မယ်လို့ ယူဆခြင်း မရှိပါဘူး။

တင်ဘာနဲ့ လီဗာပူးတို့ အပြောင်းအရွေ့ သတင်းထွက်ပေါ်နေမှု အပေါ် ရှနိုက်ဒါက “သူဟာ ထူးချွန်တဲ့ ကောင်လေးပါ။ တကယ်ကောင်းတဲ့ နောက်ခံလူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ ယှဉ်ခေါင်းတိုက်တဲ့ အခါတိုင်း ရှုံးနိမ့်ထားသူပါ။ ပရီးမီးယားလိဂ်မှာ အရပ်အမောင်းကောင်းတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရတာ အခါမှာ သူဟာ အသင်းရဲ့ အားနည်းချက် တစ်ခု ဖြစ်သွားနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လီဆန်ဒရိုမာတီနက်ဇ် မန်ယူနိုက်တက်ကို ပြောင်းလာခါစတုန်းကလည်း ဒီလိုမျိုး ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ပေမယ့် အာဂျင်တီးနား နောက်ခံလူဟာ သံသယ ဖြစ်သူတွေကို မှားယွင်းကြောင်း လျှင်မြန်စွာ သက်သေပြခဲ့ပါတယ်။ ရှနိုက်ဒါက မာတီနက်ဇ် နဲ့ တင်ဘာ တို့ကြားက ကွာခြားချက်ကို ယခုလိုပဲ ထောက်ပြခဲ့ပါတယ်။

ရှနိုက်ဒါက “လီဆန်ဒရိုမာတီနက်ဇ် ကလည်း လူကောင်သေးပါတယ်။ ဒါပေမယ့် သူဟာ ခုန်အားကောင်းပြီး ပြိုင်ဘက် ကစားသမားတွေကို ကျော်ကာ ခေါင်းတိုက် ဖျက်ထုတ်နိုင်ပါတယ်။

ရီးရဲယ်မက်ဒရစ် နောက်ခံလူဟောင်း ဖေဘီယိုကန်နဗာရို ရဲ့ ကစားပုံကိုလည်း ကျနော် ကောင်းကောင်း မြင်တွေ့ခဲ့ဖူးပါတယ်။ ကန်နဗာရို ကလည်း လူကောင်သေးပေမယ့် သူဟာ ခေါင်းတိုင်ဘောတိုင်းကို အသာရခဲ့ပါတယ်။ တင်ဘာကတော့ ဒီလို မဟုတ်ပါဘူး။”

တင်ဘာဟာ ဒီရာသီ အမြင့်ဘော ယှဉ်လုတဲ့ ၈၅ ကြိမ်မှာ ၄၄ ကြိမ် ရှုံးကာ ၄၁ ကြိမ် အနိုင်ရခဲ့တာကြောင့် aerial win percentage ဟာ ၄၈% လောက်ပဲ ရှိထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက အိုင်ယက်မှာ မာတီနက်ဇ်ဟာ အမြင့်ဘော ယှဉ်လုတဲ့ ၁၁၂ ကြိမ်မှာ ၇၉ ကြိမ်နိုင်ပြီး ၃၃ ကြိမ်သာ ရှုံးခဲ့တာကြောင့် အောင်မြင်မှု ရာခိုင်နှုန်း ၇၀% ရှိခဲ့ပါတယ်။

SM