ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရပြီးနောက် ချဲလ်ဆီးတို့ လာမယ့် နွေရာသီမှာ ထုတ်ရောင်းဖို့ လိုတဲ့ ကစားသမား အရေအတွက်ကို ပြောပြလိုက်တဲ့ ဂျိုကိုးလ်

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို ဒုတိယပိုင်းမှာ ပေးခဲ့ရတဲ့ တောင်ပံကစားသမား ရိုဒရိုင်ဂိုရဲ့ ဂိုးတွေနဲ့ အတူ ၀ – ၂ ရလဒ်နဲ့ ထပ်မံ အရေးနိမ့်ခဲ့ကာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ် ။

အခုအခါမှာ ချဲလ်ဆီး အဖို့ ရှုံးထွက်ဖလား ပြိုင်ပွဲတွေကနေ အကုန်စုံအောင် ထွက်ခွာခဲ့ရပြီမို့ ၊ အမှတ်ပေးပြိုင်ပွဲ ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာသာ လက်ကျန် ၇ပွဲ ဖြတ်သန်းဖို့ ကျန်ပါတော့တယ် ။ သို့ပေမယ့်လည်း အဆင့် ၁၁ နေရာမှာ ရှိနေတဲ့ ခြင်္သေ့ပြာတို့ အတွက် တန်းဆင်းဇုန် အန္တရာယ်ကနေ အပြည့်အဝ လွတ်ကင်းအောင် ရမှတ် ၄၀တန်းကျော်ရုံ စွမ်းဆောင်ဖို့ပဲ အာရုံစိုက်စရာ ရှိပါတယ် ။

ဒီအတွက်ကြောင့် လက်ကျန် ပရီးမီးယားလိဂ်ပွဲတွေကို ချဲလ်ဆီး ကစားသမားတွေ အကောင်းမြင်တဲ့စိတ်နဲ့ ဆက်လက် ကြိုးစားအားထုတ်မလား ၊ ရှုံးပွဲဆက်ပြီးရင်း ဆက်ဦးမှာလား ဆိုတာတော့ စောင့်ကြည့်ချင်စရာကောင်းနေပါတယ် ။ ကစားသမားတွေရဲ့ စိတ်ထဲမှာတော့ အနည်းနဲ့ အများ နည်းပြသစ် ဖြစ်လာမယ့်သူနဲ့ လာမယ့် ဘောလုံးရာသီကိုသာ စောင့်မျှော်ကြတော့မှာ သေချာပါတယ် ။

လက်ရှိ အနေအထား အရ ဥရောပ ဝင်ခွင့် တနေရာ ရဖို့ အခွင့်အလမ်း အလွန်နည်းနေလို့ လာမယ့်ရာသီမှာ ချဲလ်ဆီးတို့ ပြည်တွင်းပြိုင်ပွဲတွေကိုသာ ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ် ။ ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂျိုကိုးလ်ကတော့ လာမယ့်ရာသီ ဥရောပပွဲတွေ ကစားရတော့မှာ မဟုတ်လို့ ၄င်းရဲ့ အသင်းဟောင်း အနေနဲ့ အနည်းဆုံး ကစားသမား ၁၀ဦး အထိ ရှင်းထုတ်ပစ်ဖို့ လိုကြောင်း အကြံပေးသွားပါတယ် ။

ဂျိုကိုးလ် က ” ဥရောပ ပြိုင်ပွဲ ကစားဖို့ မလိုခဲ့တာက အန်တိုနီယို ကွန်တီ ကိုင်ခဲ့တဲ့ ချဲလ်ဆီးကို အထောက်အကူ ပေးခဲ့ပါတယ် ။ အဲဒီတုန်းက ချဲလ်ဆီးဟာ အဆင့် ၁၀နဲ့ ပြီးဆုံးခဲ့ပြီး ၊ နောက်တရာသီမှာ ကွန်တီ ရောက်လာပြီးတဲ့နောက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။ နောက်ရာသီ ချဲလ်ဆီးက ချန်ပီယံဖြစ်မယ် ဆိုပြီး ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး ။ ”

” သူတို့ရဲ့ အထက် လိုအပ်တာထက် ပိုကောင်းပြီး ၊ ပိုတောင့်တင်းနေတဲ့ အသင်းတွေ ရှိနေပါတယ် ။ ဒါပေမယ့် ဥရောပ ပြိုင်ပွဲ မကစားရမှာက ဒီအသင်းကို မလွဲမသွေ အထောက်အကူ ပေးပါလိမ့်မယ် ။ ဒါပေမယ့် အနည်းဆုံး ကစားသမား ၁၀ဦး ရောင်းထုတ်နိုင်မှ ဒီအခြေအနေက သူတို့ကို အထောက်အကူ ပေးမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကလည်း ဂျိုးကိုးလ်ရဲ့ အမြင်ကို ထောက်ခံရင်း ၊ လက်ရှိ ချဲလ်ဆီး အသင်းဟာ လာမယ့် ရာသီမှာလည်း အခုလို ပြိုဆင်းသွားဖို့ အကြောင်း မရှိပေမယ့် ၊ အဓိက ပြဿနာ အရင်းအမြစ် အချို့ကိုတော့ ဖော်ထုတ် ဖြေရှင်းပစ်ဖို့ လိုကြောင်း သတိပေးသွားပါတယ် ။

အိုဝင် က ” ခင်ဗျားတို့ ထင်သလို ချဲလ်ဆီးမှာ ဒီလောက် များပြားတဲ့ ပြဿနာတွေ ရှိနေတယ်လို့ ကျွန်တော် မထင်ပါဘူး ။ ကစားသမား နည်းနည်းပါးပါး ထပ်ရှင်းပြီး ၊ ပိုကျစ်လျစ်တဲ့ ကစားသမား အင်အား ၊ တည်ငြိမ်မှု အချို့သာ ရှိဖို့ လိုပါတယ် ။ သူတို့ နောက်ရာသီမှာ အဆင့် ၁၀အောက် ထပ်ကျဖို့ ဆိုတာ တွေးကြည့်ဖို့ လုံးဝ မဖြစ်နိုင်လုနီးပါးပါပဲ ။

” နောက်ရာသီမှာ သူတို့ဟာ ထိပ်ဆုံး ၆သင်းဝင် တသင်း အဖြစ် ပြန်လာပါလိမ့်မယ် ။ ဒါကို ကျွန်တော် တထစ်ချ ယုံကြည်ပါတယ် ။ အရာအားလုံး ဆုံးရှုံးသွားတာ မဟုတ်ပါဘူး ။ သူတို့မှာ ကြီးကျယ်တဲ့ ကစားသမား တချို့ ရှိနေဆဲပါပဲ ။ ဒီကလပ် အတွက် ရှေ့ဆက် တိုးတက်နိုင်မယ့် အရာတွေ အများကြီး ရှိနေပါသေးတယ် ။ ”

” လက်ရှိ ကြုံနေရတဲ့ ပြဿနာတွေထဲက တချို့တဝက်ကိုသာ သူတို့ အနေနဲ့ ဖြေရှင်းနိုင်ဖို့ လိုပါတယ် ။ ဒီလိုမှ မဟုတ်ရင် အခြေအနေက ဒီထက် ပိုဆိုးသွားနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR