ကော်တွိုက်စ်ကို ချီးကျူးရင်း ချဲလ်ဆီး စတား တဦးကို ၄င်းတို့ မထိန်းနိုင်ခဲ့ဘူးလို့ ဖွင့်ဟလာတဲ့ အန်ဆယ်လော့တီ

ယနေ့ မနက်က စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားသွားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲမှာ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ဟာ အိမ်ရှင် ချဲလ်ဆီးကို ဒုတိယပိုင်းမှ တောင်ပံ ကစားသမား ရိုဒရိုင်ဂိုရဲ့ သွင်းဂိုးတွေနဲ့ အတူ ၀ – ၂ ရလဒ်နဲ့ အနိုင်ထပ်ရခဲ့ပြီး ၊ ၂ကျော့ပေါင်း ၄ – ၀ ရလဒ်နဲ့ ဆီမီးဖိုင်နယ်သို့ ၃နှစ်ဆက် တက်ရောက်သွားပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီးဟာ ယခုနှစ် လက်ကျန်ရာသီကို သိက္ခာဆယ်ဖို့ တိုက်စစ် အသားကုန် ဖွင့်ကစားခဲ့ပေမယ့် ၊ ဂိုးသွင်း အဆုံးသတ် မသေချာမှုကြောင့်ပဲ ပေးဆပ်မှု ထပ်မံ ကြီးမားခဲ့ရပါတယ် ။ ရီးရဲလ်မက်ဒရစ်ဖက်ကတော့ အဖွင့်ဂိုး မတိုင်ခင် အထိ ဗင်နီးဆီးယပ်စ် ဂျူနီယာရဲ့ အပိုင် အခွင့်အရေး တကြိမ်က လွဲပြီး ထွေထွေထူးထူး တိုက်စစ်ဆင်နိုင်ခဲ့ခြင်း မရှိပါဘူး ။

ချဲလ်ဆီးဟာ ညာခြမ်းက အန်ဂိုလို ကန်တေ ၊ ရိစ်ဂျိမ်းစ် ၊ ဝက်စ်လေ ဖိုဖာနာတို့ကို အဓိက အားပြုကစားခဲ့ကာ ၊ ဧည့်သည်အသင်းရဲ့ အဖွင့်ဂိုး မတိုင်ခင် အခွင့်အရေးကောင်း ၄ ၊ ၅ကြိမ်လာက် ရခဲ့ပေမယ့် တိုက်စစ်မှာ သွေးအေးအေးနဲ့ အဆုံးသတ်ပေးမယ့်သူတွေ ရှိမနေခဲ့ပါဘူး ။

တပတ်နီးပါး အနားရထားတဲ့ ကန်တေကြောင့် ချဲလ်ဆီးရဲ့ ကွင်းလယ်လုပ်အားဟာ ပျမ်းမျှအားဖြင့် ရီးရဲလ်မက်ဒရစ်ထက် သာခဲ့တယ် ဆိုတာ ငြင်းမရပါဘူး ။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာလည်း ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက ပထမပိုင်းမှာ ကန်တေကို မထိန်းနိုင်ခဲ့ကြောင်း ဖွင့်ဟဝန်ခံသွားပါတယ် ။

အန်ဆယ်လော့တီ က ” ကျွန်တော်တို့ဟာ ကန်တေရဲ့ နေရာမှာ အလူးအလဲ ခံခဲ့ရတယ်လို့ ထင်ပါတယ် ။ ကာမာဗင်ဂါဟာ ရိစ်ဂျိမ်းစ်ဖက်ကို ဖိအားပေးတာ အသားကျနေတာမို့ ကန်တေရဲ့ နေရာကို ကျွန်တော်တို့ ထိန်းချုပ်တာ အခက်အခဲ ရှိခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ နေရာ ပြောင်းခဲ့ပါတယ် ။ ”

” ဗယ်ဗာဒီကို ကန်တေရဲ့ နေရာ ထိန်းချုပ်ဖို့ အတွက် ဘယ်ခြမ်းပို့ပြီးနောက် ကျွန်တော်တို့ ပိုကောင်းလာခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ မိုဒရစ်က အန်ဇိုကို ထိန်းဖို့ တာဝန်ယူရတာကြောင့် အဲဒီဖက်ခြမ်းကို လုံလုံလောက်လောက် အကာအကွယ်မပေးနိုင်ခဲ့ပဲ ၊ ကာမာဗင်ဂါက ၂ယောက်စာကို တယောက်တည်း အလူးအလဲ ထိန်းခဲ့ရလို့ပါ ။ ”

” ပထမပိုင်းက ချဲလ်ဆီးရဲ့ ဖြတ်တင်ဘော ၆ကြိမ်ဟာ အဲဒီခြမ်းက ထွက်ခဲ့တာ ဖြစ်ပြီး ၊ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ခုခံပုံ ပိုကောင်းခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ပထမပိုင်းပြီးခါနီးမှာ ပင်နယ်တီ ဧရိယာ အတွင်း ချဲလ်ဆီး ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာ အပိုင်ပိတ်ခဲ့ပေမယ့် ၊ ရီးရဲလ်မက်ဒရစ် ဂိုးသမား သီဘောက် ကော်တွိုက်စ်က အံ့မခန်း ကာကွယ်သွားလို့ လက်ရှိ ချန်ပီယံတို့ သက်သာရာ ရခဲ့ပါတယ် ။

ဒီအကြောင်း အပေါ် အန်ဆယ်လော့တီ က ” နောက်ထပ် ဆီမီးဖိုင်နယ် တကြိမ် တက်ရောက်နိုင်ခဲ့လို့ ကျွန်တော်တို့ အရမ်း ပျော်ရွှင်နေပါတယ် ။ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ခဲ့ပါတယ် ။ ဒီနေ့ပွဲဟာ ကျွန်တော်တို့ မျှော်မှန်းခဲ့သလို ၊ ရှုပ်ထွေးမှု ရှိတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ် ။ ဒီလိုပွဲမျိုးမှာ ပြိုင်ဖက်က အရာရာ ပေးဆပ်ကစားစမြဲပါ ။ ”

” ချဲလ်ဆီးဟာ ဒီနေ့မှာ ကစားပုံ အရမ်းကောင်းခဲ့ပါတယ် ။ အထူးသဖြင့် ပထမပိုင်းမှာပေါ့ ။ သူတို့ဟာ ကျွန်တော်တို့ကို ဒုက္ခ အများကြီး ပေးခဲ့ပြီး ၊ ကော်တွိုက်စ်ရဲ့ ကာကွယ်မှုကြောင့် ပထမပိုင်းကို ဂိုးမရှိ သရေရလဒ်နဲ့ ထိန်းသွားနိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ ကစားပုံ အများကြီး ပိုကောင်းလာခဲ့ပါတယ် ။ ”

” ကျွန်တော်တို့ဟာ အရည်အသွေးကောင်း အများအပြား ထုတ်ပြနိုင်ခဲ့ပြီး ၊ ချဲလ်ဆီးရဲ့ ကစားအားက အနည်းငယ် ကျဆင်းခဲ့တာကြောင့် ကျွန်တော်တို့ အနေနဲ့ ဘောလုံး ထိန်းချုပ်ပုံ ပိုကောင်းခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR