ကာရာဘောင်ဖိုင်နယ် ရှုံးပွဲအပြီး ချဲလ်ဆီးမှာ ဘာတွေ ပျောက်ဆုံးနေလဲ ဆိုတာ သုံးသပ်လာတဲ့ ကလစ်ချီ

ချဲလ်ဆီး အသင်းဟာ တနင်္ဂနွေနေ့ညက ဝင်ဘလေမှာ ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ စိတ်ပျက်ဖွယ် အချိ်န်ပို နာရီဝက် စွမ်းဆောင်ရည်နဲ့ အတူ အကယ်ဒမီ လူငယ် တအုပ်နဲ့ ကစားသွားတဲ့ လီဗာပူး အသင်းကို အရှက်ရဖွယ် အရေးနိမ့်ခဲ့ရပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီးဟာ သာမန် မိနစ် ၉၀ အတွင်း အခွင့်အရေး ဖန်တီးမှု အပိုင်းအရ အနည်းငယ် ပိုပြီး အသာရခဲ့တဲ့ အသင်း ဖြစ်ခဲ့ပေမယ့် ၊ အဆုံးသတ် မသေချာမှု ၊ မပြတ်သားမှုတွေကြောင့် မလိုလားအပ်ပဲ အချိန်ပို ၁၅မိနစ်စီ ထပ်ကစားဖို့ ဦးတည်စေခဲ့ပါတယ် ။

အချိန်ပိုမှာ အထိုင်ကျပြီးသား ကစားကွက်နဲ့ နည်းစနစ်ကို ဖျက်ဆီးခဲ့တဲ့ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကြောင့်သော်လည်းကောင်း ၊ တကယ်ဖိအားကျနေတဲ့ အချိန် ကူညီဖြေရှင်းပေးမယ့် ခေါင်းဆောင်ကောင်းတွေ မရှိနေခဲ့ခြင်းကြောင့်သော်လည်းကောင်း ချဲလ်ဆီးတို့ ထိုနာရီဝက် အတွင်း ခံစစ်မှာသာ အချိန်ကုန်ခဲ့ရကာ ၊ အဆုံးမှာ ဗာဂျယ် ဗန်ဒိုက်ရဲ့ တလုံးတည်းသော အနိုင်ဂိုးကိုပါ ခွင့်ပြုပေးလိုက်ရပါတယ် ။

အာဆင်နယ်နဲ့ မန်စီးတီး ဘယ်နောက်ခံလူဟောင်း ဂေးလ် ကလစ်ချီကတော့ လက်ရှိ ချဲလ်ဆီးမှာ ပျောက်ဆုံးနေတာက မတူညီတဲ့ အသင်းခေါင်းဆောင်တွေ ဖြစ်ကြောင်း ထောက်ပြရင်း ၊ ဒါကပဲ လီဗာပူးကို အချိန်ပိုမှာ ရှုံးနိမ့်စေခဲ့တယ်လို့ Sky Sports နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ သုံးသပ်သွားပါတယ် ။

ကလစ်ချီ က ” အရေးကြီးဆုံးက ခင်ဗျားဟာ အသင်းတသင်းမှာ မတူညီတဲ့ ခေါင်းဆောင်တွေ ပိုင်ဆိုင်ထားဖို့ လိုပါတယ် ။ လက်ရှိ ချဲလ်ဆီး အသင်းကို ခင်ဗျား ကြည်လိုက်တဲ့အခါ ဘယ်မှာလဲ ခင်ဗျားရဲ့ စွမ်းဆောင်ရည်အရ ဦးဆောင်ပေးမယ့်သူ ။ ဥပမာ – သီယာရီ အွန်နရီလို ကစားသမားမျိုးပေါ့ ။ ”

” ဘယ်မှာလဲ ခင်ဗျားရဲ့ နည်းစနစ်အရ ဦးဆောင်ပေးမယ့်သူ ။ ဥပမာ – ဂါရတ် ဘယ်ရီလိုပေါ့ ။ ဘယ်မှာလဲ ခင်ဗျားရဲ့ သက်လုံအရ ဦးဆောင်ပေးမယ့်သူ ။ ဥပမာ – ဂျိမ်းစ်မီလ်နာလိုပေါ့ ။ ဘယ်မှာလဲ ခင်ဗျားရဲ့ ပင်ကိုဝိသေသအရ ဦးဆောင်ပေးမယ့်သူ ။ ဥပမာ – ဗင်းဆင့် ကွန်ပနီလိုပေါ့ ။ ”

” ဒီအသင်းမှာ ကျွန်တော် ဘယ်လိုပုံစံ ခေါင်းဆောင် တဦးတယောက်မှ မတွေ့ရပါဘူး ။ ဒီလိုပြောလို့ ဒီကစားသမားတွေက မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး ။ နည်းပြ တယောက် အနေနဲ့ ကလပ် တသင်းမှာ ခင်ဗျားဟာ အဝတ်လဲခန်းအတွင်း တချို့သော ရှုထောင့်တွေကို ရှုမြင်နိုင်ဖို့ လိုပါတယ် ။ ”

” ဒီဗိုလ်လုပွဲအပြီး ဒီအသင်းကို ကျွန်တော် ကြည့်တဲ့အခါ ခေါင်းဆောင် တဦးတယောက်မှ ကျွန်တော် မမြင်မိပါဘူး ။ ဒီတော့ ခင်ဗျားဟာ ဒီလိုမျိုး ဆုဖလားနဲ့ လက်တကမ်း အလို ရောက်နေတဲ့အချိန် ခင်ဗျားမှာ ဒီအတွက် အသင့်ဖြစ်နေတဲ့ အတွေ့အကြုံရင့် ကစားသမားတွေ တကယ်ရော ရှိနေပြီလား ဆိုတာ မေးရပါမယ် ။ ”

” သူတို့မှာ ဒီခေါင်းဆောင်တွေ ရှိနေတယ်လို့ ကျွန်တော် မယုံကြည်ပါဘူး ။ သူတို့မှာ ကြီးကျယ်တဲ့ ကစားသမားတွေ ဒါမှမဟုတ် ကစားသမားကောင်းတွေ ရှိပါတယ် ။ ဒါပေမယ့် ဒီလိုပွဲတွေကို အနိုင်ယူပေးနိုင်တဲ့ ခေါင်းဆောင် ကစားသမားမျိုးတွေ သူတို့မှာ ရှိမနေပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR