ဂယ်ရီနဗီးလ်မှ ‘ ဘီလီယံချီ သုံးတဲ့ အရှုံးသမားတွေ ‘ လို့ ခေါင်းစဉ်တပ်ခြင်း ခံခဲ့ရတဲ့ ချဲလ်ဆီး အသင်းဖက်မှ ကာကွယ်သွားတဲ့ ယာဂင်ကလော့ပ်

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ ချဲလ်ဆီး အသင်းဟာ လီဗာပူး အသင်းကို အချိန်ပို ဒုတိယပိုင်း ပြီးခါနီး ပေးခဲ့ရတဲ့ ဗာဂျယ် ဗန်ဒိုက်ရဲ့ တလုံးတည်းသော ခေါင်းတိုက်ဂိုးနဲ့ အရေးနိမ့်ကာ ၊ ဒီရာသီ အနီးစပ်ဆုံးသော ဆုဖလား ရရှိမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ် ။

ဒီပွဲအပြီး မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ညာနောက်ခံလူ ဂယ်ရီနဗီးလ်ဟာ လူအများအကြား ဟိုးလေးတကျော် ဖြစ်စေမယ့် မှတ်ချက်မျိုး ပေးသွားခဲ့ပါတယ် ။ ချဲလ်ဆီးဟာ အချိန်ပို နာရီဝက် အတွင်း အကယ်ဒမီလူငယ်လေးတွေနဲ့ ကစားခဲ့တဲ့ လီဗာပူးရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရတာကြောင့် နဗီးလ်မှ ‘ ကလော့ပ်ရဲ့ ကလေးတသိုက်နဲ့ ဘီလီယံချီ သုံးတဲ့ အပြာရောင် အရှုံးသမားတွေ ‘ လို့ ခေါင်းစဉ်တပ် ဝေဖန်သွားခဲ့ပါတယ် ။

မနေ့က အက်ဖ်အေဖလား ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ လီဗာပူး နည်းပြ ယာဂင် ကလော့ပ်က ယင်းမှတ်ချက်အပေါ် လက်မခံကြောင်း တုန့်ပြန်ရင်း ၊ ချဲလ်ဆီးနဲ့ မော်ရစ်စီယို ပိုချက်တီနိုတို့ ဘာကြောင့် ထိုဝေဖန်မှုနဲ့ မထိုက်တန်ကြောင်း အခုလိုပဲ ကာကွယ်သုံးသပ်ပေးသွားပါတယ် ။

ကလော့ပ် က ” လူတွေ ဒီလိုမျိုး ပြောကြတာတွေ အပေါ် ကျွန်တော် နားလည်ပါတယ် ။ ဒါပေမယ့် ကျွန်တော်ဟာလည်း ဖိုင်နယ် အရှုံးသမား ထိုင်ခုံမှာ ထိုင်ခဲ့ဖူးတာပါပဲ ။ လူတွေဟာ ခင်ဗျား မကြားလိုတဲ့ ခင်ဗျားနဲ့ ပတ်သက်တဲ့ အရာများစွာ ပြောတတ်ကြပါတယ် ။ ”

” ကျွန်တော့ အမြင်မှာတော့ တချို့တွေက မှန်ကန်ပြီး ၊ တချို့တွေက မမှန်ပါဘူး ။ ဘာဖြစ်သွားနိုင်လဲ ဆိုတာကိုပဲ ခန့်မှန်းပြီး ပြောကြတာပါ ။ ဖိုင်နယ် ၅ပွဲ ၊ ၆ပွဲဆက် ရှုံးခဲ့တဲ့ ခံစားချက်ကို ကျွန်တော် ကိုယ်တိုင် သိပါတယ် ။ ချဲလ်ဆီး အတွက် ဒါက ဘယ်လိုဖြစ်နေမလဲ ဆိုတာကိုလည်း ကျွန်တော် တွေးကြည့်ပေးနိုင်ပါတယ် ။ ”

” လူတိုင်းက ခင်ဗျားကို ‘ ဒါနဲ့ ၊ မင်းက နောက်ဆုံး ဖိုင်နယ် ၅ပွဲဆက် ရှုံးခဲ့တာပဲ ၊ ဒါက စံချိန်သစ်လေ ‘ လို့ ပြောကြပါမယ် ။ ဒါက မကောင်းပါဘူး ။ ကျွန်တော် သူတို့အတွက် တကယ် ခံစားခဲ့ပါတယ် ။ သူတို့ဟာ ပွဲကောင်းတပွဲ ဖြစ်အောင် ကစားခဲ့တာကြောင့် ဒီအပြစ်တင်မှုအားလုံးနဲ့ ထိုက်တန်မှု မရှိပါဘူး ။ ”

” ခင်ဗျားဟာ ကိုယ့်ပြိုင်ဖက်ကို အနိုင်ယူပြရုံပါပဲ ။ ဒါကို ကျွန်တော်တို့ လုပ်ခဲ့တာပါ ။ ဒါကြောင့် ဒီ အရှုံးသမား ဆိုတဲ့ အရာက ကျွန်တော့ အတွက်တော့ မှန်ကန်မှု မရှိပါဘူး ။ ဒါကို ကျွန်တော် နားလည်း မလည်ပါဘူး ။ သူတို့ဟာ ဒီဖလားကို ဆိုးဆိုးရွားရွား လိုချင်ခဲ့ပြီး ၊ မရခဲ့ပါဘူး ။ ”

” ဒါကို ကျွန်တော် ချဲလ်ဆီး ကစားသမားတွေနဲ့ ပေါ့ခ်ျ ( ပိုချက်တီနို ) တို့ရဲ့ မျက်နှာပေါ်မှာ တွေ့ခဲ့ရတာပါ ။ ဒီလိုပွဲမျိုး အပြီး ဒါမျိုး မြင်ရတာက ဆိုးရွားလှပါတယ် ။ သူတို့ထဲက ဘယ်သူမှ ဒီလို ခံစားချက်မျိုး ရဖို့ ထိုက်တန်တယ်လို့ ကျွန်တော် မမြင်ပါဘူး ။ ”

” ဒါပေမယ့် ဗိုလ်လုပွဲတွေမှာက ဒီလိုပါပဲ ။ တဖက်က ဒီလိုမျိုး ခံစားနေရရင် တဖက်က အောင်ပွဲ အတွက် ပျော်ရွှင်နေကြပါတယ် ။ လက်ခံရခက်ပေမယ့် ဒါက ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR