မန်စီးတီးစတားရဲ့ ကစားဟန်ကို အတုယူရန် အန်သိုနီကို တိုက်တွန်းလိုက်တဲ့ ဂယ်ရီနဗီး

ဂယ်ရီနဗီးက မန်ချက်စတာယူနိုက်တက် စတား အန်သိုနီ အနေနဲ့ မန်ချက်စတာစီးတီး ကစားသမား တစ်ဦးရဲ့ ကစားဟန်ကို အတုယူသွားဖို့ လိုအပ်တယ်လို့ တိုက်တွန်းလိုက်ပြီး ဘရာဇီး ကြယ်ပွင့်ရဲ့ ကစားဟန်ဟာ တအားကို ခန့်မှန်းရ လွယ်ကူလွန်းနေတယ်လို့ ခံစားမိကြောင်း ပြောလိုက်ပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီက အိုင်ယက်ကနေ မန်ယူနိုက်တက်ကို ပေါင် ၈၆ သန်းနဲ့ ပြောင်းရွေ့လာခဲ့သူ ဖြစ်ပြီး ကလပ် အတွက် ပွဲပေါင်း ၂၀ ကစားထားခဲ့ရာမှာ ၅ ဂိုး သွင်းယူထားခဲ့ပါတယ်။

အန်သိုနီဟာ မနေ့ညက မန်ယူနိုက်တက်တို့ နော့တင်ဟမ်ဖော်ရက်စ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ အသင်း အတွက် အဓိက အစိတ်အပိုင်း အနေနဲ့ ပါ၀င်ပေးခဲ့ပြီး ကစားသမားသစ် ဝုဒ်၀က်ဟော့ရဲ့ သွင်းဂိုးမှာ ပါ၀င်ပက်သက်မှု ရှိခဲ့ပါတယ်။ နဗီးဟာ အဆိုပါ ပွဲစဉ်ကို co-commentator အဖြစ် ပါ၀င်ခဲ့သူ ဖြစ်ပြီး အန်သိုနီနဲ့ ပက်သက်ပြီး သူ့ရဲ့ အမြင်ကို ချပြသွားခဲ့ကာ ဘရာဇီး လက်ရွေးစင် အနေနဲ့ မန်စီးတီး တောင်ပံ ကစားသမား ရီရက်မာရက်ဇ်ရဲ့ ကစားဟန်ကို အတုယူသွားဖို့ လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။

မာရက်ဇ်ဟာ ဒီရာသီ ပက်ဂွာဒီယိုလာရဲ့ အသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၅ ပွဲ ကစားထားခဲ့ပြီး ၁၀ ဂိုးသွင်းကာ ၄ ဂိုး ဖန်တီးထားခဲ့ပြီး အကောင်းဆုံး ပုံစံကို ပြသလျက် ရှိနေသူ ဖြစ်ပါတယ်။

နဗီးက “ကျွန်တော် ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ အန်သိုနီနဲ့ ပက်သက်ပြီး အများကြီး တွေးမိနေပါတယ်။ သူ့အနေနဲ့ မာရက်ဇ် လိုမျိုး အတွင်းကော အပြင်ကော ကစားကာ ပြိုင်ဘက်တွေ အတွက် ခန့်မှန်းရ ခက်ခဲအောင် လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ လက်ရှိ အချိန်မှာတော့ သူ့ရဲ့ ကစားဟန်ဟာ ပြိုင်ဘက်တွေ အတွက် အနည်းငယ် ခန့်မှန်းရ လွယ်ကူနေပြီး သူဟာ ဘယ်ခြေနဲ့ အမြဲတမ်း အတွင်းကိုပဲ ချိုး၀င် ကစားဖို့ ကြိုးစားနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ရွိုင်ကိန်း ကလည်း အန်သိုနီရဲ့ ကစားဟန်နဲ့ ပက်သက်ပြီး “မန်ချက်စတာယူနိုက်တက်လို ကြီးကြယ်တဲ့ ကလပ်အတွက် ကိုယ်စားပြု ကစားတဲ့ အခါ သူ လေ့လာသင်ယူ သွားရမယ့် အရာ ကတော့ ဘောလုံး မရှိချိန်မှာ ဒီထက် အလုပ် ပိုမို ကြိုးစားဖို့ ဖြစ်ပါတယ်။ သူ့အနေနဲ့ ကိုယ့်ရဲ့ အသင်းဖော်ကို ဒီထက် ပိုပြီး ကူညီပေးသွားဖို့ လိုအပ်ပါတယ်။ သူ့ဆီက ဒါတွေ အနာဂတ်မှာ မြင်တွေ့ရနိုင်ပါတယ်။” လို့ သုံးသပ်လိုက်ပါတယ်။

အန်သိုနီဟာ မနေ့ညက နော့တင်ဟမ်ကို ယူနိုက်တက်တို့ ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသွင်းခွင့် တစ်ချို့ ရခဲ့ပြီး ပွဲချိန် ၃၃ မိနစ်မှာ ဂိုးသမား ဟန်နက်ဆီဟာ ကောင်းမွန်တဲ့ ကာကွယ်မှု လုပ်သွားခဲ့ပါတယ်။ ယူနိုက်တက် ကတော့ လာမည့် စနေနေ့မှာ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်ကို ကစားသွားရဖို့ ရှိနေပြီး ချန်ပီယံရှစ် ကလပ် ရီဒင်းကို အိုးထရပ်ဖို့ဒ်မှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။

SM