နံနက်ခင်းအားကစားသတင်းများ ( ကလပ်ပွဲတွေ နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ အခြေအနေများ )

မနေ့ ညက ကစားခဲ့တဲ့ ခါရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ နော်တင်ဟမ် ဖောရက်စ် အသင်းရဲ့ ကွင်းမှာ ၃ ဂိုးပြတ် အနိုင် ကစားပြီး ဒုတိယ အကျော့ အတွက် အားသာချက် များစွာ ရရှိ သွားစေခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် ရက်ဖိုဒ့် က အဖွင့်ဂိုး သွင်းပေးခဲ့ပြီး ဖာနန်ဒက်စ် က တတိယမြောက် ဂိုးကို သွင်းပေးခဲ့ ပါတယ် ။ တိုက်စစ်မှူးသစ် ဗက်ဟော့စ် ကလည်း ဒီပွဲမှာ ယူနိုက်တက် အတွက် ပထမဆုံး ဂိုးကို သွင်းယူပေးခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ကလည်း ရီးရဲ ဆိုဆီဒက် အသင်းကို ၁-၀ နဲ့ အနိုင် ရရှိပြီး ကိုပါ ဒယ်ရေးဖလား ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ ပါတယ် ။ ဘာဆာ အတွက် တလုံးတည်းသော ဂိုးကို တောင်ပံ ကစားသမား ဒမ်ဘီလီ က သွင်းယူပေးခဲ့ ပါတယ် ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဒေါ့မွန် အသင်းဟာ မိန့်ဇ် အသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင် ရခဲ့ပြီး ဂျီယို ရေနာ က နောက်ဆုံးမိနစ်မှာ အနိုင် ရရှိစေမယ့်ဂိုးကို သွင်းယူပေး ခဲ့ပါတယ် ။

ရိုနယ်ဒို ကစားနေတဲ့ အယ်လ်နက်ဆာ အသင်းဟာ ရီးရဲ ဝါရင့် ကွင်းလယ် ကစားသမားကြီး လူကာ မိုဒရစ် ကို ခေါ်ယူဖို့ ကြိုးစားခဲ့ ပေမယ့် မိုဒရစ် က ရီးရဲမှာသာ ဆက်လက် ကစားလိုကြောင်း အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ် ။

လိဒ် ယူနိုက်တက် နည်းပြဟောင်း မာဆယ်လို ဘီယေဆာ ဟာ မက္ကဆီကို လက်ရွေးစင် အသင်း နည်းပြ အဖြစ် လုပ်ကိုင်ဖို့ သဘောတူခဲ့ ပါတယ် ။

ဒါပေမယ့် အသစ် ဖွဲ့စည်းလိုက်တဲ့ လက်ရွေးစင် အသင်း ကော်မတီ ဟာ ဘီယေဆာ ကို နည်းပြအဖြစ် ခန့်အပ်ဖို့ ငြင်းဆန် ခဲ့တာကြောင့် သဘောတူညီမှု ပျက်ပြယ်သွားခဲ့တယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

စပို့တင်း လစ္စဘွန်း အသင်းကတော့ စပါး ကို ပြောင်းရွှေ့ဖို့ နီးစပ် နေတဲ့ ပေါ်တူဂီ ညာနောက်ခံလူ ပက်ဒရို ပေါ်ရို ရဲ့ နေရာကို ဘရိုက်တန် နောက်ခံလူ လမ့်ပ်တေး ကို အငှားခေါ်ယူကာ အစားထိုးဖို့ စိတ်ကူး ရှိနေတယ်လို့ သိရပါတယ် ။

ခရစ္စတယ် ပဲလေ့စ် အသင်းကတော့ ဘရစ္စတိုး စီးတီး အသင်း တိုက်စစ်မှူး အန်တိုနီ ဆီမီညို ကို ပေါင် ၁၀ သန်း နဲ့ ကမ်းလှမ်းခဲ့ ပေမယ့် ဘရစ္စတိုး အသင်း ဘက်က ငြင်းပယ်သွားခဲ့ ပါတယ် ။

လီဗာပူး ကလည်း ၁၈ နှစ် အရွယ် လူငယ်လေး စတီဖင် ဘက်ဆီတစ် ကို စာချုပ်သစ် ချုပ်ဆိုဖို့ စိတ်ကူး နေတယ်လို့ ကြားသိရ ပါတယ် ။

အက်စတွန် ဗီလာ အသင်းကတော့ ရီးရဲဘက်တစ် မှာ ကစားနေတဲ့ ဘရာဇီး ရှေ့တန်းလူ လူးဝစ် ဟင်းနရစ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။

ဒါပေမယ့် ပေါင် ၄၄ သန်း တန်ကြေးရှိတဲ့ ဟင်းနရစ် ကတော့ ဘက်တစ် မှာ ပျော်ရွှင် နေပါတယ်လို့ ဆိုထားပါတယ် ။

တော့တင်ဟမ် ဟော့စပါး ဟာ ပက်ဒရို ပေါ်ရို ကို ခေါ်ယူပြီးပါက လူငယ် နောက်ခံလူ ဒီဂျပ် စပန့်စ် ကို အငှား စေလွှတ်ဖို့ စိတ်ကူး ထားပြီး ဘရန့်ဖိုဒ့် ၊ ဆောက်သမ်တန် ၊ လက်စတာ စီးတီး တို့က အင်္ဂလန် လူငယ်လေးကို စောင့်ကြည့် နေကြတယ်လို့ သိရပါတယ် ။

အဲဗာတန် အသင်းကတော့ ချဲလ်ဆီး တောင်ပံ ကစားသမား ဇီယက်ချ် ကို ခေါ်ယူ ဖြစ်တော့မှာ မဟုတ်ဘဲ စီးရီးအေ မှာ ကစားနေတဲ့ ဝက်စ်ဟမ်း တိုက်စစ်မှူးဟောင်း မာကို အနော်တိုဗစ် ကို ပြောင်းလဲ ပစ်မှတ် ထားနေတယ်လို့ သိရပါတယ် ။

ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ဟာ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အသင်းအရေ အတွက် တိုးချဲ့မယ့် အစီအစဉ် ကို စွန့်လွှတ်ပြီး ၂၄ သင်း ပုံစံနဲ့သာ ဆက်လက် ကျင်းပသွားမယ်လို့ သိရပါတယ် ။

ဒါပေမယ့် ဥရောပ နေးရှင်းလိဂ် ကိုတော့ အဆင့်တွေ ထပ်တိုးဖို့ ရှိနေပြီး အုပ်စု အဆင့် ကနေ ဗိုလ်လုပွဲ အဆင့် အကြားမှာ ရှုံးထွက် ပွဲစဉ်တွေ ထည့်သွင်းဖို့ စိတ်ကူးနေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဒါ့အပြင် UEFA ဟာ အခု ၂၀၂၃ ခုနှစ်ထဲ ကျင်းပမယ့် ဥရောပ စူပါဖလား ( ချန်ပီယံလိဂ် ချန်ပီယံ နဲ့ ယူရိုပါလိဂ် ချန်ပီယံ တို့ ဗိုလ်လုမည့်ဖလား ) ကို ရုရှ ရဲ့ ကာဇန် မြို့ မှာ ကျင်းပဖို့ သတ်မှတ်ထားမှု ကိုလည်း ပယ်ဖျက် ရွှေ့ဆိုင်း လိုက်ပြီလို့ သိရပါတယ် ။

လက်ရှိ မှာတော့ ဂရိစ် နိုင်ငံ အေသင်မြို့ ဟာ ၂၀၂၃ ဥရောပ စူပါဖလား ကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပဖို့ အလားအလာများနေတယ်လို့ သိရှိရ ပါတယ် ။

ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက ကစားခဲ့ကြတဲ့ အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ် ဟာ အမေရိကန် ရုပ်သံလွှင့် စံချိန်သစ် ကို ရရှိ သွားခဲ့ပြီး NBC ရုပ်သံမှာ ကြည့်ရှုသူ ၂ သန်း နီးပါး ရရှိခဲ့တယ်လို့ ကြားသိရ ပါတယ် ။

 

SPORTS MYANMAR