ငွေကြောင့် ချဲလ်ဆီးကို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ မူဒရစ် အပေါ် တိုက်ခိုက်သွားတဲ့ ဂန်းနား ဂန္တဝင် ၂ဦး

ချဲလ်ဆီး အသင်းဟာ လွန်ခဲ့တဲ့ ၁၀ရက်ခန့်ကပဲ ရှက်တာဒိုးနက်စ် အသင်းကနေ ယူကရိန်း ကြယ်ပွင့် တောင်ပံကစားသမား မစ်ခ်ဟိုင်လို မူဒရစ်ကို ၄င်းတို့ထက် တလကြိုပြီး ချဉ်းကပ်ခဲ့တဲ့ အာဆင်နယ်ကို ကျော်လွန်ကာ ၊ ယူရိုသန်း ၇၀ ( အပိုဆုကြေး ယူရိုသန်း ၃၀ ) နဲ့ ကြားဖြတ် ခေါ်ယူသွားခဲ့ပါတယ် ။

ရှက်တာဒိုးနက်စ် စီအီးအိုရဲ့ အဆို အရတော့ ချဲလ်ဆီးဟာ အာဆင်နယ်ထက် အချိန်များစွာ နောက်ကျမှ ရောက်လာခဲ့ပေမယ့် ၊ ဂန်းနားတို့ထက် ပိုပြီး လေးစားမှုရှိတဲ့ အပြုအမူမျိုးနဲ မူဒရစ်ကို ခေါ်ဖို့ ချဉ်းကပ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ပြောင်းရွှေ့ကြေး ၊ အပိုဆုကြေးတွေမှာလည်း ၂သင်းကြား ကွာဟမှု မရှိကြောင်း ဖြေရှင်းခဲ့ဖူးပါတယ် ။

လူအများအပြားကတော့ မူဒရစ်ဟာ ချဲလ်ဆီးကို ငွေကြေးကြောင့် ရွေးချယ်သွားတာ ဖြစ်တယ်လို့ ဆိုကြပါတယ် ။ သို့ပေမယ့် အသက် ၂၂နှစ် အရွယ်ရှိ ယင်းယူကရိန်းသားရဲ့ တပတ်လုပ်ခက ပေါင် ၉၃၀၀၀သာ ရှိပါတယ် ။

အာဆင်နယ် ဂန္တဝင် ဂိုးသမားဟောင်း ဒေးဗစ်ဆီးမန်းကတော့ လီဗာပူးနဲ့ ပွဲက မူဒရစ်ရဲ့ ခြေစွမ်းဟာ အားရစရာကောင်းတာကြောင့် အာဆင်နယ်မှာသာဆို ၄င်းကို သဘောကျမိမှာ သေချာပေမယ့် ၊ ချဲလ်ဆီးကို ငွေကြောင့် ရွေးချယ်သွားတာ ဖြစ်ကြောင်း Seaman Says Podcast မှာ အခုလိုပဲ တိုက်ခိုက်ပြောဆိုသွားပါတယ် ။

ဆီးမန်း က ” လီဗာပူးနဲ့ ပွဲမှာ သူ လူစားဝင် ကစားတာကို ကြည့်ကြည့်တော့ သူ့ရဲ့ ဘောလုံး ထိန်းချုပ်တဲ့ပုံ ၊ ပြိုင်ဖက် နောက်ခံလူတွေကို ကျော်ဖြတ်တဲ့ပုံ ၊ အသင်းဖော်တွေ အတွက် ဖန်တီးမှု အသေးစားလေးတွေ လုပ်ပေးနိုင်တဲ့ အမြင် ရှိတာနဲ့ ပတ်သက်ပြီး ကျွန်တော် အမှန်တကယ် အထင်ကြီးခဲ့မိပါတယ် ။ ”

” သူ့မှာ စပါယ်ရှယ် ပါရမီ ရှိတဲ့ပုံ ပေါ်ပြီး ၊ အရိုးသားဆုံး ဝန်ခံရရင် အာဆင်နယ်မှာသာဆို သူ့ကို ကျွန်တေ် သဘောကျခဲ့မိမှာ အမှန်ပါပဲ ။ ဒါပေမယ့် သူ ငွေကို ရွေးချယ်သွားခဲ့ပါတယ် ။ လီဗာပူးနဲ့ ပွဲမှာ သူ လူစားဝင်လာတော့ ဘယ်တောင်ပံ နေရာမှာ ကစားခဲ့တာကို မြင်ခဲ့ရတာကြောင့် အာဆင်နယ်ကိုသာ ရောက်လာခဲ့ရင် မာတင်နယ်လီက အစားထိုးခံရလိမ့်မယ်လို့ ခင်ဗျား ထင်မိမှာပါ ။ ”

” အဲလိုမှ မဟုတ်ရင်လည်း သူဟာ အာဆင်နယ်မှာသာဆို အထောင်တိုက်စစ် နေရာ ကစားရပါလိမ့်မယ် ။ သူ မရောက်လာတဲ့ အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ တည်ငြိမ်ပြီးသား ဖြစ်နေတဲ့ အသင်းကို အနှောင့်အယှက် ပေးမှာမို့ပါ ။ ဒါကို ကျွန်တော် ယုံကြည်ပါတယ် ။ ”

” ကျွန်တော်တို့ဟာ ချဲလ်ဆီး ၊ မန်စီးတီး ၊ လီဗာပူး ၊ မန်ယူနိုက်တက်တို့ကို ဘဏ္ဍာရေး အပိုင်းမှာ ဘယ်လိုမှ ယှဉ်နိုင်စွမ်း မရှိသေးပါဘူး ။ အကယ်၍ ကျွန်တော်တို့သာ ဒီရာသီ အောင်မြင်မှု တခုခု ရခဲ့မယ်ဆိုရင်တော့ သူတို့နဲ့ တန်းတူ ဖြစ်လာနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

နောက်ထပ် ဂန်းနား ဂန္တဝင် တဦး ဖြစ်တဲ့ အီယန်ရိုက်ကလည်း ဆီးမန်း နည်းတူ သုံးသပ်တဲ့ အနေနဲ့ ” မူဒရစ်နဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်လှုပ်ရှားမိပါတယ် ။ ဒီလို ငွေကြေး သဘောတရား အရဆို ကျွန်တော်တို့ လိုချင်တဲ့ ကစားသမားတွေကို တခြား အသင်းတွေနဲ့ ယှဉ်ခေါ်တဲ့ နေရာမှာ နောက်ကျကျန်နိုင်ပါတယ် ။ ”

” သူဟာ ကျွန်တော်တို့ အသင်းရဲ့ အစုအဖွဲ့မှာ အံဝင်မယ့်ပုံပါပဲ ။ သူ့ကို အာဆင်နယ်က မခေါ်နိုင်ခဲ့လို့ ကျွန်တော် နည်းနည်းတော့ စိတ်ပျက်မိပါတယ် ။ သူဟာ ချဲလ်ဆီးကို ငွေကြောင့် ရောက်သွားခဲ့တာပါ ။ ဒါပေမယ့် ကျွန်တော် သူ့ကို အပြစ်တင်နေမှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ သူဟာ ဘဝအတိုင်းအတာနဲ့ အခက်အခဲတွေ ရှိနေလို့ပါ ။ ”

” သူ ဘာကြောင့် ငွေကို ရွေးချယ်ခဲ့တယ်ဆိုတာ ဘယ်လို အကြောင်းအရင်းမျိုးကြောင့်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ပြောလို့မရပါဘူး ။ အဲဒီလောက်အထိ ကျွန်တော် မပြောချင်ပါဘူး ။ သူဟာ ဘယ်လောက်ထိ ကောင်းတဲ့ ကစားသမား တယောက် ဖြစ်တဲ့အတွက် ၊ ကျွန်တော်တို့ သူ့ကို မရလိုက်တာကို ကျွန်တော် နည်းနည်းပါးပါး စိတ်ပျက်မိတာလေးပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR