ချဲလ်ဆီးနဲ့ သတင်းတွေ တဖန် ထွက်လာတဲ့ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ပတ်သက်ကာ မှတ်ချက်ပေးလိုက်တဲ့ ရှမစ်

ချဲလ်ဆီး အသင်းဟာ လက်ရှိ ဇန်နဝါရီ စျေးကွက် ပထမဆုံး အပတ် အတွင်းမှာပဲ ဘင်ဖီကာ အသင်းရဲ့ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ဖို့ တောက်လျှောက် ကြိုးစားခဲ့ပေမယ့် ၊ အမြင့်ဆုံး ကြေးအဖြစ် ယူရို ၈၅သန်းနဲ့သာ ကမ်းလှမ်းနိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ဖူးပါတယ် ။

ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာတော့ ချဲလ်ဆီးတို့ ယင်းအာဂျင်တိုင်းသား အတွက် ပြန်လည် ချဉ်းကပ်မှုတွေ လုပ်နေကြောင်း သတင်းသဲ့သဲ့ ထွက်လာခဲ့ပါတယ် ။ ထုံးစံအတိုင်း ဘင်ဖီကာဖက်ကတော့ ၄င်းတို့ရဲ့ ကစားသမားကို ယခုနှစ် ရာသီကုန်တဲ့အထိ အနည်းဆုံး ဆက်ထိန်းထားချင်တာကြောင့် စာချုပ်ပါလျော်ကြေး ယူရိုသန်း ၁၂၀သာ ဆက်လက် တောင်းဆိုနေပါတယ် ။

ဇန်နဝါရီ အတွင်းမှာတင် ကစားသမားသစ် ၆ဦး အထိ ယူရိုသန်း ၂၀၀ကျော် သုံးစွဲကာ ခေါ်ယူထားပြီးဖြစ်တဲ့ ချဲလ်ဆီးကတော့ အန်ဇို ဖာနန်ဒက်ဇ် တဦးတည်း အတွက် သန်း ၁၂၀ ထပ်သုံးပြီး ၊ ဥရောပ ဘောလုံး အဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းနဲ့ ညိစွန်းခံမယ့်ပုံ မပေါ်နေပါဘူး ။

အသက် ၂၁နှစ် အရွယ်ရှိ အန်ဇို ကိုယ်တိုင်ကလည်း ရာသီကုန် အထိ ပေါ်တူဂီမြေမှာ ဆက်နေသွားခဲ့ရရင်လည်း ကိစ္စရှိမယ့်ပုံ မပေါ်နေတာကြောင့် ဒီအပြောင်းအရွှေ့က အချိန်ကြာလာတာနဲ့ အမျှ လိပ်ခဲတည်းလည်း ပိုပြီး ဖြစ်လို့ လာပါတယ် ။

ချဲလ်ဆီးရဲ့ နောက်ဆုံး ကမ်းလှမ်းမှုကို ဘင်ဖီကာဖက်မှ ငြင်းဆန်ပယ်ချခဲ့အပြီး အန်ဇို ဖာနန်ဒက်ဇ်ဟာ ဗာဇင် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပေါ်တူဂီ ရှုံးထွက်ဖလားပွဲမှာ ကိုယ်တိုင်ဂိုးသွင်းကာ ၊ ဘင်ဖီကာလိုဂိုကို လက်နဲ့ ပုတ်ပြီး အောင်ပွဲခံသွားခဲ့ပါတယ် ။

ြ့ပီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ အတူ ချန်ပီယံ ဖြစ်ခဲ့သလို ၊ ပြိုင်ပွဲတလျှောက် အကောင်းဆုံး လူငယ် ကစားသမားဆုကိုလည်း ရရှိခဲ့တဲ့ အန်ဇိုဟာ ယခုနှစ် ရာသီ ဘင်ဖီကာနဲ့ အတူ ပေါ်တူဂီ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ် ။

ဒါ့အပြင် အန်ဇိုဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက်ကမှ ရေးဗားပလိတ် အသင်းကနေ ဘင်ဖီကာသို့ ရောက်လာတာဖြစ်ပြီး ၊ ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေတာကြောင့် ၄င်းအနေနဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ မရွေးချယ်ပဲ ဘင်ဖီကာမှာ ဆက်နေဖို့ ဆုံးဖြတ်သွားနိုင်ပါတယ် ။

မနေ့က သတင်းစာ ရှင်းလင်းပွဲမှာလည်း ဘင်ဖီကာ နည်းပြ ရော်ဂျာ ရှမစ်ကလည်း ယင်းအာဂျင်တိုင်းသားရဲ့ အနာဂတ်နဲ့ ပတ်သက်ကာ ” အန်ဇို ဘင်ဖီကာမှာ ဆက်နေဖို့ ယုံကြည်မှု ရှိရဲ့လား ? ဟုတ်ကဲ့ ။ သူ အသင်း အတွက် ကစားပေးတဲ့အခါတိုင်း ခင်ဗျား ကြည့်ရင် ၊ သူဟာ အရမ်းပျော်ရွှင်နေတဲ့ ၊ ပုံစံကောင်း ရနေတဲ့ ကစားသမား တယောက်ဆိုတာ မြင်တွေ့ရပါလိမ့်မယ် ။ သူဟာ တခြားသော အရာ ဘာတခုမှ မစဉ်းစားနေပါဘူး ။ ”

” ဒီဇန်နဝါရီ စျေးကွက် အတွင်း အသင်းရဲ့ ပုံမှန် ပွဲထွက် ကစားသမား တဦးတယောက်ကိုမှ ဆုံးရှုံးဖို့ ကျွန်တော် မမျှော်မှန်းထားပါဘူး ။ ဒါကြောင့်လည်း ကျွန်တော်ဟာ လက်ရှိ အသင်းသားတွေရဲ့ အကြောင်းသာ အပြည့်အဝ အာရုံစိုက်နေပြီး ၊ ဒီပုံစံအတိုင်းပဲ ဆက်ရှိနေဖို့ မျှော်လင့်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR