အာဆင်နယ် နဲ့ ပွဲမှာ သူမထိန်းနိုင်ခဲ့တဲ့ ဆာကာ နဲ့ ပတ်သက်ပြီး ဝန်ခံ ပြောကြားမှု တစ်ခု လုပ်လာတဲ့ လုခ်ရှော

မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ဘယ်နောက်ခံလူ လုခ်ရှော က အာဆင်နယ် အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ဘူကာရို ဆာကာ ဟာ ကမ္ဘာ့အဆင့် ကို ရောက်နေပြီ ဖြစ်ပြီး မယုံကြည်နိုင်လောက်အောင် ကောင်းလွန်းတယ်လို့ ဝန်ခံ ပြောကြား လာခဲ့ပါတယ် ။

ဆာကာ ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲမှာ လုခ်ရှော ကို တစ်ပွဲလုံး ကောင်းကောင်း ဒုက္ခ ပေးနိုင်ခဲ့ပြီး ဘယ်ခြေ အဝေးကန်ချက် နဲ့ အာဆင်နယ် အတွက် သွင်းဂိုး တစ်ဂိုးလည်း သွင်းယူ နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ဆာကာ ဟာ ပွဲအပြီး ပရီးမီးယားလိဂ် က တရားဝင် ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိ သွားခဲ့ပါတယ် ။

လုခ်ရှော နှင့် ဆာကာတို့ဟာ အင်္ဂလန် လက်ရွေးစင် အသင်းဖော်တွေလည်း ဖြစ်ကြပါတယ် ။ လုခ်ရှောက TBR မှာ ဆာကာ ရဲ့ ခြေစွမ်း နဲ့ ပတ်သက်ပြီး ” ကျနော် သူ့အကြောင်း သိပါတယ် ၊ သူ ဘယ်လောက်ကောင်းသလဲ ဆိုတာလည်း သိပါတယ် ၊ သူက မယုံကြည်နိုင်လောက်ကောင်းလွန်းတဲ့ ကစားသမားပါ ၊ နောက်ပြီး အခုမှ သူက အသက်ငယ်ငယ်လေးပဲ ရှိပါသေးတယ် ။ ”

” သူ့အတွက် ရှေ့လျှောက် တက်လမ်းတွေ အများကြီး ရှိပါသေးတယ် ၊ ဒါပေမယ့် ကျနော့် အမြင်မှာ သူက လက်ရှိ ကမ္ဘာ့ အဆင့် ကစားသမား တစ်ဦး ဖြစ်နေပါပြီ ၊ သူသာ အပတ်စဉ် ဒီလို စွမ်းဆောင် ကစားပြ နိုင်ရင် သူ ထိပ်ဆုံး ကို ရောက်နိုင်မှာ သေချာပါတယ် ။ ”

” ဒုတိယပိုင်းမှာ သူ သွင်းသွားခဲ့တဲ့ ဂိုးဆို သူ အထဲကို ဖြတ်ဝင်ပြီး ကန်ထည့်လိုက်တာပါ ၊ ကျနော် သူ့ကို ဘယ်လိုမှ လိုက်မမှီ ခဲ့ပါဘူး ၊ အဲရစ်ဆင်လည်း သူ့ကို မဟန့်တား နိုင်ခဲ့ပါဘူး ၊ တကယ့်ကို ကောင်းမွန်တဲ့ ကန်ချက်ပါပဲ ။ ” လို့ ချီးကျူး ပြောကြား သွားခဲ့ပါတယ် ။

ဘူကာရို ဆာကာ ဟာ ဒီရာသီမှာ အာဆင်နယ် အသင်း အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၁၉ ပွဲ ကစားထားပြီး ၇ ဂိုးသွင်း ၇ ဂိုး ဖန်တီး ပေးထားပါတယ် ။ ဒါ့အပြင် ဆာကာ ဟာ ယူရိုပါလိဂ် ၆ ပွဲ ကစားရာမှာလည်း သွင်းဂိုး ၁ ဂိုး သွင်းယူ ထားပါတယ် ။

အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆာကာ ဟာ အာဆင်နယ် အသင်းရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမား အဖြစ် နှစ်နှစ်ဆက် ရွေးချယ် ခံခဲ့ရသူ ဖြစ်ပြီး ဒီနှစ်မှာလည်း အင်္ဂလန် အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ် ခံခဲ့ရပါတယ် ။

SM