သီယာဂို ဆေးလ်ဗားကို အေစီမီလန် ဂန္တဝင်နဲ့ ခိုင်းနှိုင်းချီးကျူးသွားတဲ့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း

လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၁၀ နေရာမှာ ရပ်တည်နေရတဲ့ ချဲလ်ဆီးအသင်းရဲ့ ပြီးခဲ့တဲ့ ရာသီဝက် အကောင်းဆုံး ကစားသမားက ဘရာဇီး လက်ရွေးစင် ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ဖြစ်တယ်ဆိုတာ ငြင်းစရာ မရှိပါဘူး ။

ယခုနှစ် ဘောလုံးရာသီ အတွင်း ချဲလ်ဆီးမှာ ပိုင်ရှင် အပြောင်းအလဲ ၊ နည်းပြ အပြောင်းအလဲ ၊ ကစားသမား အပြောင်းအလ များစွာ ရှိလို့ မတည်ငြိမ်မှုများစွာ ဖြစ်နေပေမယ့် ၊ ခြေစွမ်း မပြောင်းလဲပဲ အမြဲကောင်းနေတဲ့ ကစားသမားဆိုလို့ သီယာဂို ဆေးလ်ဗား တဦးတည်းသာ ရှိပါတယ် ။

အသက် ၃၈နှစ် အရွယ်ရှိ ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ လီဗာပူးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲမှာလည်း Man of the Match ဆုကို ရရှိခဲ့ပြီး ၊ နောက်ထပ် Clean Sheet တကြိမ် စွမ်းဆောင်သွားခဲ့ပါတယ် ။ အသက်အရွယ်နဲ့ မလိုက်အောင် ကိုယ့်ထက် ကြံ့ခိုင်မှု ၊ အပြေးအား ပိုကောင်းတဲ့ ပရီးမီးယားလိဂ် ပြိုင်ဖက် ကစားသမားတွေကို ဒီအချိန် အထိ ဆေးလ်ဗား တယောက် အံတုပြနေတာက တကယ်ကို အံ့မခန်းဖြစ်ပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ ယခုနှစ် ရာသီကုန်မှာ စာချုပ်သက်တမ်း ပြည့်မြောက်မယ့် ဆေးလ်ဗား အတွက် နောက်ထပ် တနှစ် သက်တမ်း ထပ်တိုးဖို့ ပြင်ဆင်နေပြီး ၊ စာချုပ်သစ်သာ တကယ် ချုပ်ဖြစ်ခဲ့ရင် ထရက်ဗာ ချာလိုဘာ ၊ ဘန်နွိုင်း ဘတ်ဒီယာရှီးလ်တို့လို လူငယ် ခံစစ်မှူးတွေ နောက်ထပ် တနှစ် ပညာ ပိုရဦးမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း တဦး ဖြစ်တဲ့ တိုနီ ကတ်စ်ကာရီနိုကတော့ ဒီရာသီ အထူး ရုန်းကန်နေရတဲ့ ချဲလ်ဆီးမှာ တဦးတည်း တသမတ်တည်း ခြေစွမ်းပြနေတဲ့ သီယာဂို ဆေးလ်ဗားဟာ အေစီမီလန် ဂန္တဝင် ခံစစ်မှူး ပေါ်လို မာလ်ဒီနီလို အသက် ၄၀ ပြည့်တဲ့ အထိ ကစားနိုင်လိမ့်မယ်လို့ ချီးကျူးသွားခဲ့ပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ ကတ်စ်ကာရီနို က ” သီယာဂို ဆေးလ်ဗားရဲ့ ခံစစ် စွမ်းဆောင်ရည်က တကယ်ကို ထူးကဲလွန်းပါတယ် ။ အသက် ၃၈နှစ် အရွယ် တစုံတယောက်က ဒါဝင် နူးနက်ဇ်လို လျှပ်စီးတမျှ မြန်တဲ့ တိုက်စစ်မှူးကို လိုက်ထိန်းဖို့ ကြိုးစားနေတယ်လို့ ပြောရင် ကျွန်တော် ရယ်မိမှာပါ ။ ဟုတ်ပြီ ၊ သူ ကိုက်ဝက်လောက်တော့ လိုက်ဖမ်းကောင်း လိုက်ဖမ်းနိုင်ပါလိမ့်မယ် ။ ”

” ဒါပေမယ့် သီယာဂို ဆေးလ်ဗားကတော့ တကယ်ကို ထူးကဲလွန်းပြီး ၊ နူးနက်ဇ်ဟာ သူ့ကို လုံးဝ မကျော်နိုင်ခဲ့ပါဘူး ။ သူဟာ ခံစစ်မှာ တကယ့် ဆရာတဆူပါပဲ ။ ချဲလ်ဆီး အတွက် သူဟာ နောက်ထပ် တကြိမ် ပြောင်ပြောင်မြောက်မြောက် စွမ်းဆောင်ပေးခဲ့ပြန်ပါပြီ ။ သူ့မှာ ပေါ်လို မာလ်ဒီနီ ဝင်စားနေပါတယ် ။ ”

” အသက် ၄၀ အရွယ်အထိ သူ သက်တောင့်သက်သာ ဆက်ကစားနေမှာပါ ။ ချဲလ်ဆီးသာ သူ့ကို လက်ကျန်ရာသီ အတွင်း စာချုပ်သစ် မကမ်းလှမ်းနိုင်ခဲ့ဘူးဆိုရင် သံသယဖြစ်စရာ မျက်လုံးတွေနဲ့ သူတို့ကို စောင့်ကြည့်နေကြမှာ အများကြီး ရှိပါလိမ့်မယ် ။ ကျွန်တော်သာ မန်နေဂျာ တဦး ဖြစ်မယ်ဆိုရင် သူ့ကို နောက်တနှစ် သေချာပေါက် စာချုပ်ထပ်ချုပ်မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ကတ်စ်ကာရီနို က သူ အားပေးတဲ့ လီဗာပူး အသင်းမှာ ဆေးလ်ဗားကို မြင်ချင်သလား ဆိုတဲ့ အမေး အပေါ် တုန့်ပြန်တဲ့ အနေနဲ့ ” သူ့ကို တပြားတချပ်မှ ပေးပြီး ဝယ်စရာ မလိုရင်တော့ ကျွန်တော် သူ့ကို လီဗာပူးမှာ မြင်ချင်ပါတယ် ။ သူဟာ အံ့သြဖွယ် ဘောလုံးသမား တဦး ဖြစ်ပြီး ၊ တည်တည်ငြိမ်ငြိမ် ရှိသလို ၊ ပြဿနာ တစုံတရာ ဖန်တီးမှု မရှိသလောက်ပါပဲ ။ ”

” လူတိုင်းက သူ့ရဲ့ အသက်အရွယ် အကြောင်း ပြောကြပေမယ့် ၊ တကယ်တမ်းမှာ ခင်ဗျား သူ့ကို ကျော်ပြီး ပြေးလို့ ၊ ဂိုးသွင်းလို့ ဘယ်လိုမှ မရပါဘူး ။ သူ့ကို ကျော်ပြေးနိုင်တဲ့ ကစားသမား အရေအတွက် ကျွန်တော် များများစားစား မစဉ်းစားနိုင်ပါဘူး ။ သူဟာ ပွဲအကြောင်း အပြည့်အဝ နားလည်တဲ့ပုံပေါ်ပြီး ၊ အကယ်၍ လီဗာပူးကသာ သူ့ကို ခေါ်ဖို့ စိတ်ဝင်စားခဲ့တယ်ဆိုရင် တနှစ် စာချုပ်နဲ့ သူ့ကို သွားခေါ်လိုက်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR