လီဗာပူးနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ အကြောင်းရင်းနဲ့ ချဲလ်ဆီးကို ထိုးနှက်မှု လုပ်သွားခဲ့တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က လီဗာပူး squad ကို ပြန်လည် တည်ဆောက်သွားဖို့ အတွက် စိန်ခေါ်မှုဟာ မနှစ်က ကလပ်နဲ့ စာချုပ်သစ် ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့တဲ့ ၎င်းရဲ့ motivation ဖြစ်တယ်လို့ ၀န်ခံသွားခဲ့ပြီး ချဲလ်ဆီး အသင်းရဲ့ ငွေပုံအော သုံးစွဲနေမှုကိုလည်း ဝေဖန်မှု လုပ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ကလော့ဟာ လီဗာပူးနဲ့ ၂ နှစ်သက်တမ်းတိုးခဲ့ပြီး ဒီအတွက်ကြောင့် ဂျာမန် နည်းပြဟာ အန်ဖီးမှာ ၂၀၂၆ ခုနှစ်ထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

မကြာသေးမီက ကလော့က the Reds မှာ အပြောင်းအလဲတွေ လုပ်သွားရန် လိုအပ်မှု ရှိတယ်လို့ ၀န်ခံခဲ့တဲ့ အပြင် အသင်းကို ပြန်လည် တည်ဆောက်သွားရမယ့် အကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ လီဗာပူးဟာ ဒီရာသီမှာ အတော်လေး ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာကို ရောက်နေကာ အဆင့် ၄ နေရာက အသင်းနဲ့ ၁၀ မှတ် ကွာနေတာကြောင့် လာမည့် ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားရဖို့တောင် သေချာမှု မရှိပါဘူး။

လီဗာပူးရဲ့ EFL ဖလား ကာကွယ်မှုဟာ မန်စီးတီးကို အရေးနိမ့်ခဲ့ခြင်းနဲ့အတူ အဆုံးသတ် သွားခဲ့သလို ဒီတစ်ပတ်မှာလည်း လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ၃ ဂိုးပြတ်နဲ့ ရှုံးထားခဲ့တဲ့ ဘရိုက်တန်နဲ့ အက်ဖ်အေဖလား ပွဲစဉ်ကို ကစားရမှာ ဖြစ်တာကြောင့် ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ကလော့က သူဟာ ကလပ်ရဲ့ ကစားသမားတွေ အပေါ် တအား သစ္စာရှိလွန်းနေတယ် ဆိုတဲ့ ပြောဆိုမှုတွေကို ပယ်ချလိုက်ပြီး လာမည့် နွေရာသီကနေ စတင်ကာ လီဗာပူး first team squad ကို ပြုပြင်တည်ဆောက်မှုတွေ စတင် လုပ်သွားဖို့ဟာ လီဗာပူးနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ အကြောင်းရင်း တစ်ခု ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ကလော့က “ဒါဟာ အကြီးမားဆုံး စိန်ခေါ်မှုလို့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမယ့် အသင်းကို ပြန်လည် တည်ဆောက်သွားဖို့ ဆိုတာ စိန်ခေါ်မှု တစ်ခု ဆိုတာတော့ အမှန်ပါပဲ။ ဒါဟာ ကျွန်တော် လီဗာပူးနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလို လုပ်ဖို့ အတွက် လိုအပ်တယ် ဆိုတာ ကျွန်တော် သိနေခဲ့လို့ပါ။ ညတွင်းချင်း လုပ်သွားလို့တော့ မရနိုင်ပါဘူး။ ကျွန်တော်ဟာ အံ့ဖွယ်အရာတွေ လုပ်ပြနိုင်သူတော့ မဟုတ်ပါဘူး။

ကျွန်တော်တို့ဟာ အကူးအပြောင်း ကာလမှာ ပြသနာတွေ အများကြီး ရှိနေကာ ဒဏ်ရာ ပြသနာတွေလည်း များစွာ ရှိနေပါတယ်။ ဒါဟာ ကျွန်တော်တို့ကို တကယ် ရှုပ်ထွေးစေပါတယ်။ အသင်းကို ပြန်လည် တည်ဆောက်ဖို့ လိုအပ်တယ် ဆိုတာ ကျွန်တော် သိထားပြီး ဖြစ်ပါတယ်။ အပြင်လောကက လူအများစု ကတော့ ရှေတို ဖြေရှင်းနည်းကို စိတ်၀င်စားကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကတော့ ရှေရှည် ဖြေရှင်းနည်းကို လိုက်ရပါမယ်။ လီဗာပူး ဆိုတာ ဒီလိုမျိုးပါပဲ။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ကလော့က ပိုင်ရှင်သစ် တော့ဘိုလီရဲ့ လက်အောက်မှာ ငွေကြေးများစွာ သုံးစွဲလျက် ရှိနေတဲ့ ချဲလ်ဆီးကိုလည်း ဝေဖန်မှု လုပ်သွားခဲ့ပါတယ်။ the Blues တို့ဟာ တော့ဘိုလီရဲ့ လက်အောက် အပြောင်းအရွေ့ ကာလ ၂ ခုတည်းမှာတင် ပေါင်သန်း ၄၅၀ နီးပါး အသုံးပြုထားခဲ့ပြီး ဇန်နဝါရီ အပြောင်းအရွေ့ မကုန်မီမှာလည်း နောက်ထပ် ငွေသုံးစွဲဖို့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ကလော့က “အသင်းကို တည်ဆောက်သွားဖို့ အတွက် မတူညီတဲ့ နည်းလမ်းတွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် ဒါဟာ ကိုယ့်အသင်းရဲ့ အနေအထား အပေါ် မူတည်ပါတယ်။ ပိုင်ရှင်သစ်နဲ့ ချဲလ်ဆီးကို ကြည့်လိုက်ပါ။ သူတို့ ဘယ်လိုများ ဒီလို လုပ်နိုင်သလဲ ဘယ်လိုလုပ်ပြီး ဒီလို ငွေကြေးများစွာ သုံးစွဲနိုင်သလဲ ဆိုတာ ဘယ်သူမှ အတိအကျ မသိပါဘူး။ ဒီလို ပြောတာကို ဘယ်သူမှ ကြိုက်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အကူးအပြောင်း လုပ်တယ် ဆိုတာ ကိုယ့်မှာ အတိုင်းအစ မရှိတဲ့ ငွေကြေးမရှိရင် အချိန်လိုအပ်ပါတယ်။ ငွေရှိရင်တော့ ကစားသမား ၁၀ ယောက်လောက် တစ်ခါတည်း ၀ယ်ပြီး ညတွင်းချင်း ပြောင်းလဲမှု လုပ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ကျွန်တော်ဟာ ကစားသမားတွေ အပေါ် တအား သစ္စာရှိလွန်းနေလား ဆိုပြီး မေးခွန်းထုတ်ခံခဲ့ရပါတယ်။ ကျွန်တော် တအား သစ္စာရှိနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် သစ္စာရှိမှုမှာ မကောင်းတဲ့ အရာကိုတော့ ကျွန်တော် မမြင်မိပါဘူး။ ကိုယ့်ရဲ့ သူငယ်ချင်း ၊ ကိုယ့်မိသားစု နဲ့ ကိုယ့်ရဲ့ ကုမ္ပဏီကို သစ္စာရှိမယ်ဆိုရင် အပြန်အလှန် တုန့်ပြန်မှုတော့ ရလာမှာပါ။ ideal world မှာ နှစ်ဘက်စလုံး ခံစားချက်တွေ တူညီနေတယ်ဆိုရင် အတူအကွ တိုးတက်အောင် လုပ်နိုင်မှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM