ပရီးမီးယားလိဂ် ချန်ပီယံ အတွက် အမြင်မတူခဲ့ကြတဲ့ ကာရေဂါ နဲ့ နဗီးလ်

ဘောလုံး အစီအစဉ် တင်ဆက် သုံးသပ်သူတွေ အဖြစ် လုပ်ကိုင်နေကြတဲ့ ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီးတွေဟာ ဒီရာသီ ဘယ်အသင်း ချန်ပီယံ ဖြစ်မယ် ၊ ဘယ်သူတွေ ချန်ပီယံလိဂ် ဝင်ခွင့် ရကြမယ် ၊ ဘယ် ကစားသမား ဘယ်နည်းပြတွေ က အကောင်းဆုံး ဖြစ်လာ ကြမယ်ဆိုတာတွေကို ခန့်မှန်း ခဲ့ကြပါတယ် ။

အဲ့ဒိအထဲ မှာတော့ Sky Sports မှာ လုပ်ကိုင် နေကြတဲ့ ဂျေမီ ကာရေဂါ နဲ့ ဂယ်ရီ နဗီးလ် တို့ရဲ့ အတွဲက ပရိသတ်တွေ စိတ်ဝင်စားမှု အရှိဆုံး ဖြစ်ခဲ့ကြပါတယ် ။

လက်ရှိ ပွဲစဉ် ၁၉ ပွဲ ၊ ပွဲ ၂၀ ကစားလို့ ပြီးသွားချိန်မှာ အာဆင်နယ် အသင်းဟာ အမှတ်ပေး ဇယားရဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ် ။ မီကေး အာတီတာ စဉ်ဆက်မပြတ် တည်ဆောက် လာတဲ့ အာဆင်နယ် ဟာ အခု ရာသီမှာတော့ တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသနေပြီး ဒုတိယနေရာက မန်စီးတီး ( တပွဲပို ) ကို ၅ မှတ်ဖြတ်ကာ ဦးဆောင် နေခဲ့ ပါတယ် ။

ဒါပေမယ့် ဂယ်ရီ နဗီးလ် ကတော့ အာဆင်နယ် အနေနဲ့ နှစ်ပေါင်း ၂၀ နီးပါး ဝေးကွာ နေတဲ့ အမှတ်ပေး ချန်ပီယံဆုကို ပြန်ရမယ်လို့ ထင်မထားခဲ့ ပါဘူး ။ မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် ဖြစ်တဲ့ နဗီးလ် ဟာ ယူနိုက်တက် ရဲ့ မြို့ခံ ပြိုင်ဘက် မန်စီးတီး က အာဆင်နယ် ကို ကျော်တက်ကာ ဗိုလ်စွဲပြီး ဆာအဲလက်စ် ဖာဂူဆန် ရယူခဲ့ဖူးတဲ့ ၃ နှစ်ဆက် ချန်ပီယံဆိုတဲ့ ဘွဲ့ထူးကို ရယူသွားနိုင်မယ်လို့ ခန့်မှန်းခဲံ ပါတယ် ။

ဒါပေမယ့် ကာရေဂါ ကတော့ ဒီလို မထင်ခဲ့ပါဘူး ။

“အာဆင်နယ် ချန်ပီယံဖြစ်မယ်လို့ ကျွန်တော် ထင်ရတာက သူတို့ ရဲ့ အမှတ်ကွာဟမှုကြောင့်ပဲ မဟုတ်ပါဘူး ။ ပွဲကြီးတွေမှာ ကစားပြ နေတဲ့ သူတို့ရဲ့ ခြေစွမ်းတွေကြောင့်လည်း ပါပါတယ် ။ ကမ္ဘာ့ဖလား ပြီးကတည်းက သူတို့ ကစားခဲ့တဲ့ ပွဲတွေကို ပြန်ကြည့်လိုက်ပါ ၊ ဘရိုက်တန် ၊ နယူးကာဆယ် တို့က လိဂ်ထဲမှာ ခံစစ်အကောင်းဆုံး အသင်းတွေပါ ။ မန်ချက်စတာ ယူနိုက်တက် ဆိုရင်လည်း ပုံစံ တောက်လျောက်မှန် နေတဲ့အသင်းပါ”

“စီးတီး က အာဆင်နယ် ကို ဖြုတ်ချ နိုင်တဲ့ အရည်အသွေး ရှိပါတယ် ။ ဒါပေမယ့် ဧပြီလ ၊ မတ် လောက်မှာ သူတို့ ဘာတွေ တွေးနေနိုင်မလဲ ။ စီးတီး အတွက်ကတော့ ချန်ပီယံလိဂ် မှာသာ အခြေအနေ ကောင်းနေမယ် ဆိုရင် ပရီးမီးယားလိဂ် မှာ ဗိုလ်မစွဲရလည်း ကိစ္စ သိပ်ရှိမှာ မဟုတ်ပါဘူး” လို့ ကာရေဂါ က ပြောဆို သုံးသပ်ခဲ့ ပါတယ် ။

နဗီးလ် ကတော့ “၁၀ မိနစ်လောက် ကြာသွားတိုင်း ဒီမေးခွန်း ကို ခဏခဏ ပြန်မေးနေမိတယ် ၊ အာဆင်နယ် ချန်ပီယံ ဖြစ်နိုင်မလား ဆိုပြီးတော့ပေါ့ ၊ အာဆင်နယ် ပရိသတ်တွေလည်း ဒီမေးခွန်း ကို ခဏခဏ မေးနေမိကြ မှာပါ ။ ဒါက တကယ် ပင်ပန်းတဲ့ ကိစ္စပါပဲ”

“အခုချိန်မှာ ဖလား အတွက် ပြောဖို့ အရမ်း စောလွန်းနေ ပါသေးတယ် ။ ကျွန်တော့ အတွေ့ အကြုံအရ ပြောရရင်တော့ ဒါက တကယ်ကို စောလွန်း နေသေးတာပါ ။ စီးတီး က သူတို့ လုပ်မယ့် အလုပ်ကို သေချာ သိသွားတာနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမှာပါ ၊ အခုထိ သူတု့ိ ဒီရာသီမှာ တည့်တည့်မတ်မတ် မရှိ သေးပါဘူး ။ ဒါက အာဆင်နယ် ကို အသာရနေစေတာပါ”

“တကယ်လို့ စီးတီးသာ တကယ် အားစိုက်ပြီး ကစားမယ်ဆိုရင် သူတို့ အာဆင်နယ် ကို ဖိအားပေးပြီး ကျော်တက် နိုင်ပါတယ် ။ ရာသီဝက်မှာ ဦးဆောင်ထားနိုင်တာက ဘာမှ အဆုံးအဖြတ် မပေးပါဘူး ။ ၉၅ တုန်းက ဘလက်ဘန်း ကျွန်တော်တို့ ( မန်ယူနိုက်တက် ) ကို ကျော်ချသွားတယ် ၊ ကျွန်တော်တို့က နယူးကာဆယ် ကို ပြန်လုပ်ခဲ့တယ် ၊ ရာသီကုန်ဖို့ ၉ ပွဲလောက် အလိုမရောက်သေးရင် ဘာကိုမှ ကြိုပြောလို့ မရနိုင်ပါဘူး” လိ့ု နဗီးလ် က ပြောဆိုခဲ့ ပါတယ် ။

ချန်ပီယံလိဂ် ဝင်မယ့် အသင်းတွေ ရွေးချယ် ရာမှာလည်း နဗီးလ် နဲ့ ကာရေဂါ တို့ ကွဲလွဲမှု အချို့ ရှိခဲ့ကြပါတယ် ။ ကာရေဂါ က အာဆင်နယ် ၊ မန်စီးတီး ၊ မန်ယူနိုက်တက် နဲ့ နယူးကာဆယ် တို့ကို ရွေးခဲ့ပေမယ့် နဗီးလ် ကတော့ နယူးကာဆယ် အစား တော့တင်ဟမ် ဟော့စပါး ကို ရွေးချယ် သွားခဲ့ ပါတယ် ။

အကောင်းဆုံး ကစားသမား နဲ့ နည်းပြ ဆု အတွက် ခန့်မှန်းရာမှာတော့ ၂ ယောက်စလုံး အကြိုက်တူခဲ့ ကြပြီး မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကို ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး ကစားသမား ၊ အာဆင်နယ် နည်းပြ မီကေး အာတီတာ ကို တနှစ်တာ အကောင်းဆုံး နည်းပြ အဖြစ် ရွေးချယ် ခဲ့ကြပါတယ် ။

 

SPORTS MYANMAR