ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ့်အသင်းနဲ့ top 4 ခန့်မှန်းမှုကို လုပ်သွားခဲ့တဲ့ လူး၀စ်ဆာဟာ

ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း ဖြစ်သူ လူး၀စ်ဆာဟာဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက်သွားနိုင်မယ့် အသင်းနဲ့ top 4 ၀င်မယ့် အသင်းတွေကို ခန့်မှန်းမှု လုပ်သွားခဲ့ပါတယ်။ ဂန်းနားတို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမ်းမရိတ်မှာ မန်ယူနိ်ုကတက်နဲ့ အကြိတ်အနယ် ကစားကာ ၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီး လက်ရှိ ချန်ပီယံ မန်စီးတီးကို တစ်ပွဲလျော့ ငါးမှတ်အသာနဲ့ ဦးဆောင်လျက် ရှိနေပါတယ်။

မန်စီးတီးဟာ အစောပိုင်း ပွဲစဉ်က ဝုဖ်ကို အနိ်ုင်ယူကာ အာဆင်နယ်နဲ့ ၂ မှတ် အကွာကို ရောက်လာခဲ့ပေမယ့်လည်း ဂန်းနားတို့ဟာ ဒီဖိအားကို အကောင်းဆုံး ကျော်ဖြတ်ကာ မန်ယူနိုက်တက်ကို အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ် အသင်းဟာ နောက်ဆုံး ၁၅ ပွဲဆက် ရှုံးပွဲမရှိ ကစားကာ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို ရောက်ရှိနေပြီး အာဆင်နယ်ကို ရှုံးခဲ့တဲ့ မန်ယူနိုက်တက် ကတော့ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။

တော့တင်ဟမ် ကတော့ အင်္ဂါနေ့မှာ ဖူဟမ်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တာကြောင့် top 4 နဲ့ ၃ မှတ် အကွာမှာ ရှိနေပြီး ၎င်းရဲ့ နောက်မှာ ဘရိုက်တန် ဖူဟမ် ဘရန့်ဖို့ဒ် တို့က ရပ်တည်နေကာ လီဗာပူးနဲ့ ချဲလ်ဆီး တို့ကတော့ အဆင့် ၉ နဲ့ အဆင့် ၁၀ နေရာတွေမှာ ရှိနေပါတယ်။

ပရီးမီးယားလိဂ် top 4 ကို ခန့်မှန်းခိုင်းခဲ့ရာမှာ ဆာဟာက “ကျွန်တော် ကတော့ လက်ရှိ top 4 နေရာကို သိမ်းပိုက်ထားခဲ့တဲ့ အသင်းတွေ ဖြစ်တဲ့ အာဆင်နယ် မန်စီးတီး မန်ချက်စတာယူနိုက်တက် နဲ့ နယူးကာဆယ် တို့ပဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ရာသီကုန်မှာ အဆင့် ၂ ဒါမှမဟုတ် အဆင့် ၃ တစ်ခုခုနဲ့ အဆုံးသတ်နိုင်မှာပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒီအချိန်မှာ ကစားပုံ အရမ်းကို ကောင်းနေလို့ ဖြစ်ပါတယ်။

ကျွန်တော် ကတော့ ဒီ ၄ သင်းပဲ top 4 ၀င်သွားမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် ဒါနဲ့ ပက်သက်ပြီး သံသယ မရှိပါဘူး။ နယူးကာဆယ်ဟာ ဒီရာသီမှာ အကောင်းဆုံး လုပ်ပြလျက် ရှိနေကာ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ ထိုက်တန်မှု ရှိပါတယ်။ ဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် နွေရာသီမှာ သူတို့ရဲ့ ကစားသမား ခေါ်ယူမှုကို အများကြီး အထောက်အကူပြုမှာလည်း ဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် အတွက် ကောင်းပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ဆာဟာက အာဆင်နယ်ဟာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်လိမ့်မယ်လို့ ထောက်ခံ သွားခဲ့ပါတယ်။

ဆာဟာက “သူတို့ကြည့်ရတာ တအားကို ကောင်းနေပါတယ်။ သူတို့ဟာ တကယ့် နေရာကောင်းမှာ ရှိနေပြီး သူတို့မှာ လက်ကျန် တစ်ပွဲလည်း ရှိနေပါသေးတယ်။ သူတို့ ရမှတ်တွေ အများကြီး ဆုံးရှုံးသွားဖို့ ဆိုတာ မဖြစ်နိုင်သလောက် ပါပဲ။ အရေးကြီးတဲ့ ပွဲစဉ်တွေ အများကြီး ရှိနေပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ယူနိုက်တက် နဲ့ ပွဲစဉ်မှာ သူတို့ဟာ တအားကို အာရုံစူးစိုက်မှု ကောင်းမွန်ကာ တအားကို ပရော်ဖက်ရှင်နယ် ကျတာကို ပြသခဲ့ပါတယ်။ သူတို့ ရာသီကုန်ထိ အမှတ်ပေးဇယားထိပ်မှာ ဆက်ရှိနေနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၄ ၅ နှစ် အတွင်း ပရီးမီးယားလိဂ်ကို လွှမ်းမိုးထားခဲ့တဲ့ မန်စီးတီး နဲ့ လီဗာပူး တို့ကို ကျော်ကာ အာဆင်နယ် တို့ ချန်ပီယံ ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် ကောင်းမွန်ပါလိမ့်မယ်။” လို့ ဆိုလိုက်ပါတယ်။

SM