ချဲလ်ဆီးသို့ မပြောင်းရွှေ့နိုင်ခဲ့ခြင်းဟာ ရော်နယ်ဒိုနဲ့ စူပါအေးဂျင့် မန်ဒက်ဇ် အကြား ဆက်ဆံရေး တင်းမာမှု ဖြစ်စေခဲ့ကြောင်း စပိန်သတင်းဌာန တခုက ဖော်ပြလာ

ပေါ်တူဂီ စူပါစတား ခရစ်တီယာနို ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလား အပြီးမှာ ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းသို့ တရားဝင် ပြောင်းရွှေ့ခဲ့ကာ ၊ ၂နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့ပါတယ် ။ အသက် ၃၇နှစ် အရွယ်ရှိ ရော်နယ်ဒိုဟာ ယင်းဆော်ဒီကလပ်မှာ တပတ်လုပ်ခ ဒေါ်လာ တသန်း အထိ ရရှိနေပါတယ် ။

ကမ္ဘာ့ဖလား မတိုင်ခင်တုန်းက ရော်နယ်ဒိုဟာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြ ဖြစ်သူ အဲရစ် တမ်ဟဂ်နဲ့ ဆက်ဆံရေး မပြေလည်မှု ရှိကြောင်း နာမည်ကြီး ပီယာ့မော်ဂန်နဲ့ အင်တာဗျူး အပြီးမှာ သရဲနီတို့ဖက်က ကမ္ဘာ့ဖလား မစတင်မီ ၂ဦး၂ဖက် သဘောတူ စာချုပ် ဖျက်သိမ်းကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ် ။

ရော်နယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီ မစတင်ခင်ကတည်းက ချန်ပီယံလိဂ် ကစားခွင့် မရခဲ့တဲ့ မန်ယူနိုက်တက်မှာ ဆက်နေဖို့ ဆန္ဒနည်းခဲ့တာ သိသာလွန်းပြီး ၊ ရာသီသစ် မတိုင်ခင် ပြီးခဲ့တဲ့ နွေတတွင်း ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ ကလပ် တသင်းသင်းထံ ပြောင်းရွှေ့နိုင်ဖို့ ကြိုးစားခဲ့ပါတယ် ။

ဒီအတွက်ကြောင့် ၄င်းနဲ့ နှစ်များစွာ အတူ လက်တွဲခဲ့တဲ့ တနိုင်ငံတည်းသား စူပါအေးဂျင့် ဂျော့ခ်ျမန်ဒက်ဇ်ထံသို့ ချန်ပီယံလိဂ် ဝင်ခွင့် ရထားတဲ့ ကလပ်တွေနဲ့ ချိတ်ဆက်ပေးဖို့ အကူအညီ တောင်းခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ ရော်နယ်ဒိုကို ချန်ပီယံလိဂ်ဝင်ခွင့်ရ ဘယ်အသင်းကမှ အတည်တကျ ခေါ်ယူဖို့ ကြိုးစားခဲ့တာမျိုး မရှိခဲ့ပါဘူး ။

ရော်နယ်ဒိုကို ခေါ်ယူဖို့ အစောဆုံး ချဉ်းကပ်ခဲ့ဖူးတဲ့ အသင်းကတော့ ဒီနှစ် ဘောလုံးရာသီမှ ပိုင်ရှင်သစ် အပြောင်းအလဲ ဖြစ်ထားတဲ့ ချဲလ်ဆီးပဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ နွေတတွင်းမှာ ချဲလ်ဆီး ပိုင်ရှင်သစ် အမေရိကန်သား တဦး ဖြစ်တဲ့ တော့ဒ်ဘိုလီနဲ့ ဂျော့ခ်ျမန်ဒက်ဇ်တို့ အပြောင်းအရွှေ့ အကြောင်း တွေ့ဆုံ ဆွေးနွေးမှု ရှိခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန်ပြန့် ထွက်ခဲ့ဖူးပါတယ် ။

တော့ဒ်ဘိုလီဟာ စီးပွားရေး အမြင်ရှိသူပီပီ ရော်နယ်ဒိုကို ရေတို ခေါ်ပြီး ၊ ဝင်ငွေများစွာ ရှာဖွေနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ၊ ချဲလ်ဆီး နည်းပြဟောင်း ဖြစ်တဲ့ သောမတ်စ် တူချယ်က သူ့ရဲ့ စီမံကိန်းကို ရော်နယ်ဒိုနဲ့ မတည်ဆောက်ချင်ခဲ့တာကြောင့် ထိုအခွင့်အရေးကို ပြတ်ပြတ်သားသားပဲ ငြင်းပယ်ခဲ့ပါတယ် ။

ဒါဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရ ကလပ် တသင်းထံ ပြောင်းရွှေ့ဖို့ ရော်နယ်ဒို အတွက် အနီးစပ်ဆုံး အနေအထား ဖြစ်ပါတယ် ။ အခြား အင်အားကြီး ကလပ်တွေ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် ၊ ပီအက်စ်ဂျီ ၊ အက်သလက်တီကို အစရှိတဲ့ အသင်းတွေကတော့ ရော်နယ်ဒိုကို ခေါ်ဖို့ လုံးဝ မချဉ်းကပ်ခဲ့ဖူးပါဘူး ။

စပိန် သတင်းဌာန တခု ဖြစ်တဲ့ El Mundo ရဲ့ အဆို အရ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေတတွင်းမှာ မန်ယူနိုက်တက်ကနေ ချဲလ်ဆီး ( သို့မဟုတ် ) ဘိုင်ယန်မြူးနစ်သို့ ပြောင်းခွင့်ရအောင် ကြိုးပမ်းပေးနိုင်ခဲ့ခြင်း မရှိတာကြောင့် စူပါအေးဂျင့် မန်ဒက်ဇ်နဲ့ ဆက်ဆံရေး မပြေလည်မှုတွေ ရှိခဲ့ကြောင်း ဖော်ပြလာပါတယ် ။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ ရော်နယ်ဒိုဟာ အသင်းသစ် အယ်လ်နာဆာ အတွက် debut ပွဲ စတင် ကစားပေးခဲ့ပြီး ၊ ပွဲချိန်ပြည့် ပါဝင်ခွင့် ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး ။

အယ်လ်နာဆာကတော့ ပွဲချိန် ၃၁မိနစ်မှာ ရခဲ့တဲ့ အန်ဒါဆန် တယ်လစ္စကာရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အယ်လ်အီတီဖက်ခ်ကို အနိုင်ရကာ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထားပါတယ် ။

SPORTS MYANMAR