အာဆင်နယ် အသင်းကို ရွေးချယ် ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို ဖွင့်ဟလာတဲ့ ခီဗီယော

အာဆင်နယ် အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ရဲ့ ဒုတိယမြောက် ခေါ်ယူမှု အဖြစ် စပီဇီယာ အသင်းရဲ့ပိုလန်လက်ရွေးစင် နောက်ခံလူ ယာကု ခီဗီယော ကို ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ် ။ပြောင်းရွှေ့ကြေး က ယူရို ၂၅ သန်း + အပိုဆုကြေး ၅ သန်း ဖြစ်ပြီး ၂၀၂၈ ခုနှစ် ဇွန်လ အထိ သက်တမ်း ရှိတဲ့ စာချုပ် ဖြစ်ပါတယ် ။ ခီဗီယော ဟာ အာဆင်နယ် မှာ တစ်နှစ် လုပ်ခ ယူရို ၂.၅ သန်း ရသွားမှာ ဖြစ်ပါတယ် ။

ခီဗီယော ဟာ ပရိသတ်တွေ နဲ့ သိပ်မရင်းနှီးတဲ့ ကစားသမား ဖြစ်ပေမယ့် ပိုလန် လက်ရွေးစင် အသင်း နဲ့ အတူ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလား မှာ ပါဝင် ကစားခဲ့သူပါ ။ ခီဗီယော ဟာ ကမ္ဘာ့ဖလား လေးပွဲမှာ Clean-Sheet ၂ ပွဲ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ကမ္ဘာ့ဖလားဖိုင်နယ် ရောက် ပြင်သစ် နဲ့ အာဂျင်တီးနား အသင်းကိုပဲ ဂိုးပေးခဲ့ရပါတယ် ။

ခီဗီယော ဟာ ဘယ်ခြေ အားသန် နောက်ခံလူ တစ်ဦး ဖြစ်ပြီး ဗဟို ကွင်းလယ်လူ နေရာ နှင့် ကွင်းလယ် ခံစစ် ကစားသမား နေရာမှာပါ ကစား နိုင်သူ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ ဒေါ့မွန် ၊ ယူဗင်တပ်စ် ၊ အေစီမီလန် တို့ကို ကျော်ဖြတ်ပီး ခီဗီယော ကို ခေါ်ယူ နိုင်ခဲ့တာ ဖြစ်ပါတယ် ။

 

ခီဗီယော က အာဆင်နယ် အသင်း နဲ့ ပထမဆုံး အင်တာဗျူးမှာ ” အာဆင်နယ် အင်္ကျီ မှာ ကျနော့် ရဲ့ နာမည် ကို ပထမဆုံး အကြိမ် တွေ့လိုက်ရချိန် ရယ်နေခဲ့မိတာပါ ၊ အာဆင်နယ် လို အသင်းကြီး တစ်သင်းရဲ့ အင်္ကျီ မှာ ကိုယ့်နာမည်ကို တွေ့လိုက်ရတော့ အရမ်း ကို ပျော်ရွှင်သွားပါတယ် ၊ကျနော့်အတွက် တကယ့်ကို ပျော်ရွှင်မှု အထွတ်အထိပ် ရောက်ခဲ့ရတဲ့ အခိုက်အတန့် တစ်ခုပါပဲ ။ ”

” ပရီးမီးယားလိဂ် မှာ ကစားခွင့် ရဖို့က ကျနော့်ရဲ့ အမြဲတမ်း အိပ်မက်ပါပဲ ၊ ပရီးမီးယားလိဂ် မှာ ကစားရတာ မလွယ်ကူဘူးဆိုတာ သိပါတယ် ၊ အခွင့်အရေး ရလာရင် အစွမ်းကုန် ကြိုးစား ကစားဖို့ လိုအပ်မှန်းလည်း သိပါတယ် ၊ ပရီးမီးယားလိဂ် က ကြီးကျယ် အခမ်းနားဆုံး လိဂ် တစ်ခုပါ ၊ ကျနော့်အတွက် အကောင်းဆုံးလိဂ်ပါ ၊ ဒီမှာ ကစားခွင့်ရတော့မှာ ဖြစ်တဲ့ အတွက် ဝမ်းသာပါတယ် ။”

” အာဆင်နယ် က စိတ်ဝင်စားနေမှန်း သိရချိန် ကျနော် အတော်လေး အံ့အားသင့် သွားခဲ့ရတာပါ ။ အာဆင်နယ် က ပရီးမီးယားလိဂ် ရဲ့ ထိပ်သီး အသင်းကြီး တစ်သင်းမှန်း သိတာကြောင့် ဒီကို ပြောင်းလာဖို့ နှစ်ခါ မစဉ်းစား ခဲ့ရပါဘူး ၊ အာဆင်နယ် က ခေါ်ချင်မှန်း သိတာနဲ့ အရမ်းကို ပျော်ပီး လာဖို့ စိတ်အားထက်သန် နေခဲ့တာ ဖြစ်ပါတယ် ။ ”

” ကျနော် က ဘောလုံး ပေးပို့ရတာကို နှစ်ခြိုက် သဘောကျသူပါ ၊ ဘောလုံး နဲ့ အတူ ရွေ့လျားပြီး အခွင့်အရေးတွေ ဖန်တီး ကစားတဲ့ အသင်းမျိုးကို ကြိုက်ပါတယ် ၊ ဒီလို ကစားတဲ့ အသင်း ကို ရောက်လာခွင့် ရတဲ့ အတွက် တကယ့်ကို ပျော်ရွှင် ဝမ်းသာရပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM