လမ်းပတ် အတွက် မန်ယူနိုက်တက် flop တဦးကို ခေါ်ခဲ့တဲ့ အဲဗာတန် အပေါ် ဝေဖန်ခဲ့ပေမယ့် ၊ လမ်းပတ်ကို ရာထူးက ထုတ်ပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကိုတော့ ထောက်ခံသွားတဲ့ ကာရေဂါ

အဲဗာတန် အသင်းဟာ မနေ့ကပဲ ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဖြစ်တဲ့ ဖရန့် လမ်းပတ်ကို ၄င်းတို့ရဲ့ နည်းပြ ရာထူးကနေ တရားဝင် ဖယ်ရှားသွားခဲ့ပါတယ် ။ ပြီးခဲ့တဲ့ တပတ် အတွင်း အမှတ်ပေးဇယား အောက်ဆုံးမှ ဆောက်သမ်တန်ကို အိမ်ကွင်း ဂွတ်ဒီဆင်ပါ့ခ်မှာ ၁ – ၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့ခြင်း ၊ ၄င်းတို့ နည်းတူ တန်ဆင်းဇုန် တိုက်ပွဲဝင်နေရတဲ့ ဝက်စ်ဟမ်းကို ၂ – ၀ ရလဒ်နဲ့ ရှုံးခဲ့အပြီးမှာ ဒီလမ်းခွဲ ဖြစ်လာခဲ့ပါတယ် ။

လမ်းပတ်ဟာ မနှစ်က ဒီလို အချိန်မျိုးမှာ ရာဖာ ဘင်နီတက်ဇ် လက်ထက် ရလဒ်တွေ တောက်လျှောက် ဆိုးရွားခဲ့တဲ့ အဲဗာတန် အသင်းရဲ့ နည်းပြ ရာထူးကို ဆက်ခံပေးခဲ့ပြီး ၊ ရာသီအကုန် ပရီးမီးယားလိဂ်မှာ တန်းတင် ကျန်ရစ်အောင် စွမ်းဆောင်ပေးခဲ့ပါတယ် ။

ယခုနှစ် ရာသီမှာတော့ အဲဗာတန်ဟာ ရာသီဝက် အကျိုးမှာ ပရီးမီးယားလိဂ် ခေတ်ကာလ တလျှောက် တန်းဆင်းရဖို့ အန္တရာယ်နဲ့ အနီးစပ်ဆုံး ရောက်လာတာကြောင့် ၊ လမ်းပတ်ကို ရာထူးကနေ မဖြစ်မနေ ထုတ်ပယ်ဖို့ အကြောင်းဖန်လာစေခဲ့ပါတယ် ။

အခုအခါမှာတော့ နည်းပြသစ် ရှာပုံတော် ဖွင့်နေရတဲ့ အဲဗာတန်ဟာ လိဒ်စ်ယူနိုက်တက် နည်းပြဟောင်း မာဆယ်လို ဘီယယ်ဆာကို ရာသီကုန် အထိ တာဝန်ပေးဖို့ ကြိုးပမ်းနေကြောင်း The Telegraph သတင်းဌာနရဲ့ ဖော်ပြချက် အရ သိရပါတယ် ။

လီဗာပူး ဂန္တဝင် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ က လမ်းပတ်ကို နည်းပြ ရာထူးကနေ ဖယ်ရှားခဲ့တဲ့ အဲဗာတန်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံသွားခဲ့ပေမယ့် ၊ ၄င်းလက်ထက် မန်ယူနိုက်တက် flop တဦး ဖြစ်တဲ့ ဒွန်နီ ဗန်ဒီဘိခ် ၊ တော့တင်ဟမ် flop တဦး ဖြစ်တဲ့ ဒယ်လီ အယ်လီတို့ကို ခေါ်ယူခဲ့တာက လုံလောက်မှု မရှိကြောင်း မေးခွန်းထုတ်သွားခဲ့ပါတယ် ။

Sky Sports ရဲ့ MNF အစီအစဉ်မှာ ကာရေဂါ က ” ပရိသတ်တွေကတော့ မန်နေဂျာထက်စာရင် ဘုတ်အဖွဲ့ အပြောင်းအလဲကို ပိုပြီး မြင်ကောင်းမြင်ချင်ခဲ့ကြမှာပါ ။ ဒါပေမယ့် ကျွန်တော်ကတော့ ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ထင်ပါတယ် ။ ဖရန့်က ရာဖာ ဘင်နီတက်ဇ် လက်ထက် အဲဗာတန် လက်ရှိပုံစံ အတိုင်း ရလဒ်တွေ ဆိုးနေခဲ့တုန်းက နည်းပြသစ် ရာထူးကို ရခဲ့တာပါ ။ ”

” ဒီတော့ အရင် နည်းပြ ရခဲ့တဲ့ ရလဒ်ဆိုး မှတ်တမ်းမျိုး ပုံတူ ထပ်ရနေမယ်ဆိုရင်တော့ ကိုယ့်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ရင်တောင် ခင်ဗျားမှာ ဘာမှအထွန့်တက်ခွင့်မရှိဘူးလို့ ကျွန်တော် ထင်ပါတယ် ။ နောက်ပြီး အဲဗာတန်ရဲ့ အနောက် အမှတ်ပေးဇယား အောက်ဆုံးမှာ ဆောက်သမ်တန်ပဲ ကျန်တော့မို့ ဖရန့် အနေနဲ့ ဒီဆုံးဖြတ်ချက်ကို စောဒက အများကြီး တက်လို့ ရနိုင်တယ်လို့ ကျွန်တော် မထင်ပါဘူး ။ ”

” ဒါပေမယ့်လည်း ဒီလို အရာတွေက လူမြင်ကွင်း နောက်ကွယ်မှာ ဖြစ်ကြတာချည်းပါပဲ ။ ဒါကြောင့်လည်း အဲဗာတန် ပရိသတ်တွေက ကွင်းတွင်း ဖြစ်ရပ်တွေထက်စာရင် ၊ ကွင်းပြင်ပ နောက်ကွယ်က ဖြစ်ရပ်တွေကို ပိုပြီး စိတ်ပျက်ကြတာပါ ။ နောက်ပြီး ဖရန့်ဟာ ကစားသမားသစ်တွေ ခေါ်ဖို့ ငွေတွေ အများကြီး မသုံးခဲ့ရပါဘူး ။ ”

” သူတို့ဟာ ပြီးခဲ့တဲ့ရာသီက ကလပ် အကောင်းဆုံး ကစားသမား ဖြစ်တဲ့ ရစ်ချာလီဆင်ကို ဆုံးရှုံးခဲ့ရပါတယ် ။ သူ့နေရာ အစားထိုးဖို့ ခက်ခဲခဲ့ပေမယ့် ၊ သူတို့ ကြိုးစားခဲ့ပါသေးတယ် ။ ဒါပေမယ့် ဖရန့် လက်ထက် အဲဗာတန် ခေါ်ခဲ့တဲ့ တိုက်စစ်ကစားသမားတွေဆိုလို့ ဘယ်သူတွေ ရှိမလဲ ? ”

” ဖရန့် အဲဗာတန်ကို စရောက်ရောက်ချင်း ၊ ဒယ်လီ အယ်လီနဲ့ ဒွန်နီ ဗန်ဒီဘိခ်တို့ကို ခေါ်ခဲ့ပါတယ် ။ သူတို့ ၂ယောက်လုံး အလုပ်မဖြစ်ခဲ့ပါဘူး ။ ဒီရာသီမှာတော့ ဒဏ်ရာနွံထဲ နစ်နေခဲ့တဲ့ ဒိုမီနစ် ကယ်လ်ဗတ်လီဝင် နေရာ အတွက် နီးလ်မော်ပိုင်းကို သူတို့ ခေါ်ခဲ့ပါတယ် ။ ”

” နောက်ပြီး ဒွိုက်ခ်မက်နေးလ် ၊ သူ့အတွက်လည်း ပေါင်သန်း ၂၀ ပေးခဲ့ရပါတယ် ။ မော်ပိုင်း အတွက်က ပေါင် ၁၅သန်း ၊ ဒါပေမယ့် သူတို့ ဝယ်ခဲ့တာ အရမ်း ကြီးကြီးမားမား မရှိခဲ့ပါဘူး ။ ခံစစ်ပိုင်း အားဖြည့်မှု အတွက် ဂျိမ်းစ်တာကောစကီးနဲ့ ကော်နာကိုဒီတို့ကို ခေါ်ခဲ့တာတော့ အဆင်ပြေသလိုလို ရှိခဲ့တယ်လို့ ပြောရမှာပါ ။ ”

” ဒါပေမယ့် တိုက်စစ် အားသန်တဲ့ ကစားသမား ခေါ်ယူတဲ့ နေရာမှာ သူတို့ရဲ့ ကြိုးစားအားထုတ်မှု လုံလုံလောက်လောက် မရှိခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR