ရာသီကြို သူ့ရဲ့ ခန့်မှန်းမှုကို အာဆင်နယ် အသင်းသားတွေ ရယ်မော ခဲ့ကြကြောင်း ဖွင့်ဟလာတဲ့ ဇင်ချန်ကို

မန်ချက်စတာ ယူနိုက်တက် အသင်းကို ဒရမ်မာဆန်ဆန် အနိုင် ယူပြီးနောက် အာဆင်နယ် အသင်းဟာ မန်ချက်စတာ စီးတီ အသင်း နှင့် ၅ မှတ်ကွာ အနေအထားကို ပြန်လည် ရောက်ရှိ လာခဲ့ပါတယ် ။ ရာသီတစ်ဝက် ကျိုးသွားချိန်မှာ အာဆင်နယ် ပရိသတ်တွေ နဲ့ အသင်းသားတွေဟာ ၂၀၀၃-၀၄ ခုနှစ်ထဲက ဝေးကွာနေတဲ့ ချန်ပီယံဆုကို တစ်ကျော့ပြန် ရယူဖို့ အိပ်မက်မက် နေကြပြီ ဖြစ်ပါတယ် ။

ဒါပေမယ့် ဘောလုံး ရာသီ မစခင်ကတည်းက အာဆင်နယ် အသင်း မှာ အမှတ်ပေး ချန်ပီယံ ဖြစ်နိုင်တယ်လို့ ယုံကြည်မှု ရှိနေသူ တစ်ဦး ကတော့ ဇင်ချန်ကို ပါ ။ ဇင်ချန်ကို ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်ချက်စတာစီးတီး အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပါတယ် ။

ယူကရိန်း လက်ရွေးစင် ဇင်ချန်ကို ဟာ မန်စီးတီး အသင်း နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ လေးကြိမ် ဖြစ်ခဲ့သူ ဖြစ်ပြီး အာဆင်နယ် အသင်း နဲ့ အတူ ချန်ပီယံဆုရယူဖို့လည်း ဆန္ဒ ပြင်းပြ နေသူပါ ။ ဇင်ချန်ကို ဟာ မန်ယူနိုက်တက် ကို ၃-၂ နဲ့ အနိုင်ရတဲ့ ပွဲမှာ အဓိက ကျခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ပရိသတ်တွေ ပေးတဲ့ Man of the Match ကို ရခဲ့ပါတယ် ။

ဇင်ချန်ကို ဟာ ယူနိုက်တက် ကို အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ သူ့ရဲ့ ရာသီကြို ခန့်မှန်းမှု တစ်ခုကို အသင်းသားတွေက ရယ်မော ခဲ့ကြကြောင်း ဖွင့်ဟ လာခဲ့ပါတယ် ။ ” အရိုးသားဆုံး ပြောရရင် အသင်းကို ရောက်ရောက်ချင်း မှာပဲ အာဆင်နယ် အသင်းသားတွေ ရဲ့ အရည်အသွေးကို မြင်တွေ့ လိုက်ရပါတယ် ၊ အာဆင်နယ် အကြောင်း ကျနော် သိပါတယ် ၊ အာဆင်နယ် က လူတွေနဲ့လည်း အရင်ကတည်းက သိပါတယ် ။ ”

” ဒါပေမယ့် ကွင်းအတွင်း ကစားချိန်မှာ အာဆင်နယ် မှာ အောင်မြင်မှုတွေ ကြီးကြီးမားမား ရယူရာမှာ လိုအပ်တဲ့ အရာအားလုံး ရှိနေတယ်ဆိုတာ သိလိုက်ရပါတယ် ။ သိသိချင်းမှာပဲ အဝတ်လဲခန်း အတွင်း ‘ ငါ့ကောင်တွေရေ ၊ top 3 ဆိုတာကို မေ့ထားလိုက်ပါ ၊ ချန်ပီယံဆုအကြောင်း တွေးထားကြမယ် ‘ လို့ ပြောလိုက်ပါတယ် ။ ”

” အဲ့ဒီလို ပြောတော့ တစ်ချို့ အာဆင်နယ် အသင်းသားတွေက ရယ်ကြပါတယ် ။ အခုတော့ သူတို့ မရယ်ကြတော့ပါဘူး ၊ ကျနော်တို့ အားလုံး အတူတူ ချန်ပီယံဆု ကို အိပ်မက် မက်နေကြပါပြီ ။ ”

” ဒါပေမယ့် ကျနော် အရင်က ပြောခဲ့ဖူးသလိုပါပဲ ၊ ပွဲတွေ အများကြီး ကစားဖို့ ကျန်ပါသေးတယ် ၊ မန်ယူနိုက်တက် က ပြန်လာ နေပါပြီ ၊ စီးတီး ကလည်း အားလုံး သိကြတဲ့ အတိုင်းပါပဲ ၊ ဘာတွေ ဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ ၊ ကျနော်တို့ အနေနဲ့ တစ်ဆင့်ချင်း ရှေ့ဆက်ရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ ဇင်ချန်ကို ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားထားပြီး ဂိုးဖန်တီးမှု ၁ ကြိမ် လုပ်ထားပါတယ် ။

SM